ဧရာဝတီတိုင်းမ်
ဧပြီ ၂ ရက်
အာဏာသိမ်းပြီးနောက် တပ်ချုပ်ရာထူးကို လွှဲပြောင်းပေး၍ ဒုသမ္မတ ဖြစ်လာသော စစ်ခေါင်းဆောင်ကို ၎င်းစီစဉ်ထားသည့်အတိုင်း ရွေးတုလွှတ်တော်ဖြစ်သည့် ပြည်ထောင်စုလွှတ်တော်မှ လာမည့် ဧပြီ ၃ ရက်၌ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မကြာမီ ဖွဲ့စည်းသွားမည့် အမည်ခံ အစိုးရအဖွဲ့၏ ဒုသမ္မတ သုံးဦးအဖြစ် ရွေးတု လွှတ်တော်တို့မှ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ၎င်း၏ လူယုံတော် ဗိုလ်ချုပ်ကြီးဟောင်း ညိုစောနှင့် လက်ဝေခံ ကြံ့ခိုင်ရေးပါတီမှ ဒေါ်နန်းနီနီအေးတို့ကို ရွေးချယ်ထားသည်။
အဆိုပါသုံးဦးအနက်မှ သမ္မတအဖြစ် တစ်ဦးရွေးမည်ဖြစ်ပြီး စစ်ခေါင်းဆောင်ကို ကျော်လွန်၍ ကျန်သူများအနေဖြင့် သမ္မတဖြစ်ရန် အလားအလာမရှိသလို ဒုသမ္မတ (၁) လူယုံတော် ညိုစော၊ ဒုသမ္မတ (၂) ဒေါ်နန်းနီနီအေးဟူ၍ ဖြစ်လာရန်ရှိကြောင်း အကဲခတ်များက ဆိုသည်။
စစ်ခေါင်းဆောင်သည် တပ်ချုပ်ရာထူးကို လွှဲပြောင်းထားသော်လည်း သမ္မတ ရွေးချယ်မှု မပြီးသေးသဖြင့် ဗိုလ်ချုပ်မှူးကြီးရာထူးဖြင့် ယာယီသမ္မတ၊ စစ်ကော်မရှင်ဥက္ကဋ္ဌအဖြစ် ရယူထားသလို ဒုသမ္မတ ဗိုလ်ချုပ်ဟောင်း ညိုစောကိုလည်း စစ်ကော်မရှင်ခန့် ဝန်ကြီးချုပ်ဟု ဖော်ပြနေဆဲဖြစ်သည်။
ဓာတ်ပုံ-MOI