ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဧပြီ ၁ ရက်

 

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်ရှိ အရှေ့ပြင်ရပ်ကွက်အတွင်းကို စစ်ကော်မရှင်တပ်မှ ယမန်နေ့ မတ် ၃၁ ရက်နေ့လယ်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး အဆောက်အအုံအချို့ ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

 

တံတားဦးလေတပ်စခန်းမှ တက်လာသည့် စစ်ကော်မရှင်၏ ဂျက်ဖိုက်တာတစ်စင်းသည် ယမန်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်အတွင်းသို့ ပေါင် ၅၀၀ ဗုံးသီးနှစ်လုံးဖြင့် လာရောက်တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။

 

“ဂျက်ဖိုက်တာတစ်စင်းနဲ့ ပေါင် ၅၀၀ ဗုံးသီးနှစ်လုံး တပြိုင်တည်း ဗုံးကြဲသွားတာပါ။ အရှေ့ပြင်ရပ်ကွက် တနေရာတည်း ကြဲသွားတာပါ။ လူတယောက် ဒဏ်ရာရတယ်လို့ ကြားတယ်”ဟု မင်းတပ်ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အရှေ့ပြင်ရပ်ကွက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး (ကျေးလက်ရုံး) နှင့် အနီးအနားရှိ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးသွားခဲ့သည်။ ထို့ပြင် ရုံးဝင်းအတွင်းရှိ အမျိုးသားတစ်ဦးလည်း မစိုးရိမ်ရသည့် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 

“ကျေးလက်ရုံးကိုပဲ ဦးတည်ပြီး ဗုံးကြဲသွားပုံရတယ်။ အဲဒီနေရာကိုပဲ ဗုံးသီးကျတာ။ ဒဏ်ရာရတဲ့သူက ဒေသခံလား၊ စစ်သုံ့ပန်းလားဆိုတာတော့ အတည်ပြုဖို့ ကြိုးစားနေတုန်းပါပဲ” ဟု ဒေသခံက ဆက်ပြောသည်။

 

ဗုံးကြဲခံရသည့်နေရာတွင် မည်သည့်စစ်ရေးလှုပ်ရှားမှုမျှ မရှိသော်လည်း စစ်ကော်မရှင်မှ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မင်းတပ်မြို့ကို ချင်းညီနောင်အဖွဲ့ (Chin Brotherhood – CB) က ထိန်းချုပ်ထားသည်။

 

အလားတူ စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့ကလည်း မည်သည့်စစ်ရေး လှုပ်ရှားမှုမျှမရှိသည့် ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို ဂျက်ဖိုက်တာနှစ်စင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် အရပ်သား ခုနစ် ဦး သေဆုံးခဲ့သည်။

 

ဓာတ်ပုံ-CJ