ဧရာ၀တီတိုင်းမ်
မတ် ၃၁ ရက်

စက်သုံးဆီရှားပါးခြင်းနှင့် စျေးနှုန်းကြီးမြင့်ခြင်းအကျိုးဆက်အဖြစ် ပုသိမ်ခရိုင်အတွင်း၌ ရိတ်ခြွေစက်ဖြင့် လယ်ရိတ်ခမှာ ၁ ဧကလျှင် ၂ သိန်းကျပ် ပေါက်စျေးဖြစ်နေပြီး လယ်သမားများ အရှုံးခံရိတ်သိမ်းနေရကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်က ရိတ်ခြွေစက်ဖြင့် လယ်ရိတ်ခ ၁ ဧကလျှင် ၁၂၀,၀၀၀ ကျပ်သာပေါက်စျေးရှိသော်လည်း လက်ရှိတွင် ၇၀ ရာခိုင်နှုန်းခန့်စျေးနှုန်းမြင့်တက်သွားပြီး ၁ ဧက ၂ သိန်းကျပ် ပေါက်စျေးရှိနေကြောင်း၊ စပါးများ မှည့်နေပြီး ရိတ်မည့်သူမရှိသဖြင့် စက်ဖြင့်သာလယ်သမားများ အရှုံးခံရိတ်သိမ်းနေရကြောင်း ကန်ကြီးထောင့်မြို့နယ်မှ လယ်သမားများက ပြောသည်။

“လယ်ရိတ်ခက မနှစ်က ၁ သိန်း ၂ သောင်းပေးရတယ်။ အခုကျတော့ ဒီဇယ်ရှားတာရော စျေးကြီးတာရော ဖြစ်နေတော့ ၁ ဧက ၂ သိန်းပေးရိတ်နေရတယ်။ လူနဲ့ရိတ်ဖို့ကလည်း လူကမရှိဘူး။ စပါးတွေကလည်း မှည့်နေတော့ မရိတ်လို့ မရတော့ဘူးဆိုတော့ အရှုံးခံပြီးရိတ်နေကြရတယ်”ဟု ကန်ကြီးထောင့်မြို့နယ်မှ လယ်သမားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အီရန်နှင့် အမေရိကန်၊ အစ္စရေးတို့စစ်ပွဲကြောင့် ကမ္ဘာတဝှမ်း စက်သုံးဆီရှားပါးခြင်းနှင့် စျေးတက်ခြင်းပြဿနာ ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံတွင်လည်း စစ်ကောင်စီက အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေသည့်အတွက် မြို့ပြတွင်သာမက ကျေးလက်ဒေသရှိ လယ်ယာလုပ်ငန်းခွင်များ၌ပါ ကြီးမားသည့်အခက်အခဲများ ကြုံတွေ့နေရသည်။

လက်ရှိတွင် စပါးစျေးမှာ နေရာဒေသအပေါ်မူတည်၍ တင်း ၁၀၀ လျှင် ကျပ် ၁၄ သိန်းမှ ၁၆ သိန်းကြား ပေါက်စျေးနေပြီး လယ်မြေပြင်ခ၊ ထွန်ယက်ခ၊ ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ၊ အလုပ်သမားခနှင့် ရိတ်သိမ်းခများ စျေးနှုန်းမြင့်တက်မှုကြောင့် ယခုနှစ်မိုးစပါးတွင် လယ်သမားအားလုံးနီးပါး အရှုံးပေါ်ကြကြောင်း သိရသည်။

“စပါးစျေးကျ မတက်ဘူး၊ လယ်ထဲထည့်ရတဲ့စရိတ်တွေက အကုန်တက်နေတာ။ အဲတော့ ဒီမိုးစပါးမှာ လယ်သမား ၁၀၀ မှာ ၉၉ ယောက်လောက်က ရှုံးကြတယ်။ ငွေရှိပြီး လှောင်ထားနိုင်တဲ့ ချမ်းသာတဲ့ လယ်သမား အနည်းစုလောက်ပဲ ခံသာလိမ့်မယ်။ အဲတော့ လယ်သမားတွေ စပါးစိုက်ချင်စိတ်ကို မရှိကြတော့ဘူး”ဟု ရေကြည်မြို့နယ်မှ လယ်သမားတစ်ဦးက ပြောသည်။

ဧရာ၀တီတိုင်းရှိ လယ်သမားအများအပြား အရှုံးပေါ်ကြသည့်အတွက် လာမည့်နွေစပါးကာလတွင် စပါးစိုက်ပျိုးသူ နည်းပါးသွားပြီး စားနပ်ရိက္ခာ မလုံမလောက်ဖြစ်ကာ ဆန်စပါးရှားပါးမှုများ အကြီးအကျယ် ဖြစ်ပေါ်မည်ကို ဧရာ၀တီဒေသခံများ စိုးရိမ်နေကြသည်။

ဧရာ၀တီတိုင်းတွင် မိုးစပါးစိုက်ဧက ၃ ဒဿမ ၆ သန်းရှိပြီး နွေစပါးစိုက်ဧက ၁ ဒဿမ ၃ သန်းကျော်ရှိကာ ဧရာ၀တီတိုင်း၏လူဦးရေ ၆ သန်းကျော်ရှိသည့်အနက် ၈၀ ရာခိုင်နှုန်းကျော်မှာ လယ်ယာလုပ်ငန်းကို အဓိက စီးပွားရေးအဖြစ်လုပ်ကိုင်ကြသူများဖြစ်ကြောင်း အရပ်သား NLD အစိုးရလက်ထက် စာရင်းများအရ သိရသည်။