ဧရာ၀တီတိုင်းမ်
မတ် ၃၀ ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကိုးကန့်တပ် (MNDAA) က နေအိမ်များကို ဝင်ရောက်မွှေနှောက်ကာ ဒေသခံများ၏ ရွှေနှင့် တရုတ်ယွမ်ငွေများကို အတင်းအဓမ္မ ယူဆောင်သွားကြောင်း ဒေသခံများများ၏ ပြောပြချက်အရ သိရသည်။
MNDAA သည် ပြီးခဲ့သည့် မတ် ၁၇ ရက်က တက္ကနိုင်းအုပ်စု၊ ဟိုနားကျေးရွာအတွင်းသို့ အုပ်စုလိုက် ဝင်ရောက်၍ နေအိမ်များကို မွှေနှောက်ရှာဖွေခဲ့ပြီး နေအိမ်တစ်ခုမှ အိမ်ရှင်ဖြစ်သူကို ခြိမ်းခြောက်ကာ ရွှေနှင့် ငွေများထားသည့်နေရာကို ခြိမ်းခြောက်၍ ပြသခိုင်းခဲ့ကြောင်း သိရသည်။
”သူတို့လုပ်ရပ်ကစကစ (စစ်ကော်မရှင်) ထက်တောင် အင်မတန် အောက်တန်းကျတယ်။ ဟိုရှေးခေတ် ဂျပန်လက်ထက်က သူပုန်တွေလို့တောင် ထင်ရတယ်။ ဇာတ်ကားကြည့်ရတာထက်ကို ပိုဆိုးတယ်” ဟု ရွာခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
MNDAA သည် အဆိုပါနေအိမ်မှ တရုတ်ယွမ် ၄,၇၀၀ (မြန်မာငွေ သိန်း ၃၀ နီးပါး)၊ ခန့်မှန်းတန်ဖိုး သိန်း ၁၀၀ ကျော်ရှိ ရွှေဆွဲကြိုး နှစ်ကုံးနှင့် မြန်မာငွေကျပ် လေးသိန်းတို့ကို ယူဆောင်သွားခဲ့သော်လည်း အိမ်ရှင်ဖြစ်သူမှာ ခြိမ်းခြောက်ခံထားရသဖြင့် သက်ဆိုင်ရာသို့ တိုင်ကြားရဲခြင်းမရှိကြောင်း သိရသည်။
“အိမ်ရှင်က ကြောက်နေတာ။ ခြိမ်းခြောက်ခံထားရလို့ ထင်တယ်။ သူတို့လုပ်ပုံက တကယ်မတရားဘူး။ အိမ်ရှင်ကတော့ ပစ္စည်းလေးတွေကို ပြန်ရချင်တာပေါ့” ဟု ရွာခံ အမျိုးသားက ဆက်လက်ပြောကြားသည်။
အလားတူ ကွတ်ခိုင်တိုက်ပွဲကာလအတွင်းကလည်း တအာင်းတပ် (TNLA) နှင့် MNDAA တို့သည် မြို့ပေါ်ရှိ လူထုနေအိမ်များကို ဝင်ရောက်မွှေနှောက်ဖျက်ဆီးမှုများ ရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ထို့ပြင် MNDAA သည် ဟိုနားနှင့် တက္ကနိုင်းကျေးရွာရှိ ဒေသခံများကို စစ်မှုထမ်းရန် အတင်းအဓမ္မ ဖိအားပေးပြောဆိုမှုများ ရှိနေကြောင်း သိရသည်။ ပြီးခဲ့သည့် မတ်လ ၂၂ ရက်ကလည်း တက္ကနိုင်း၊ ပုံးစီးနှင့် တာမိုးညဲရှိ တအာင်းကျေးရွာများတွင် တစ်ရွာလျှင် လူ နှစ် ဦးနှုန်းဖြင့် စစ်မှုထမ်းရန်အတွက် စစ်ဝတ်စုံများ အတင်းအဓမ္မ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-The Kokang