
မအူပင်ခရိုင်အတွင်းရှိ သစ်မှောင်ခိုလုပ်ငန်းများတွင် စစ်ကောင်စီတပ်မှ ဒု ဗိုလ်မှူးကြီး နိုင်လွင် ပါဝင်ပတ်သတ်နေပြီး ၎င်းနာမည်ဖြင့် သစ်ခိုးထုတ်မှုများ ပြုလုပ်နေ
အောင်မြသန်း/ဧရာဝတီတိုင်းမ်
(မအူပင်) ၊ စက်တင်ဘာလ ၁၁ ရက်
ဧရာဝတီတိုင်း၊ မအူပင်ခရိုင်မှ ပြည်ပသို့ ပင်လယ်မှတဆင့် သစ်မှောင်ခို ခိုးထုတ်မှုတွင် မအူပင်ခရိုင်မှ စစ်ဦးစီးပထမတန်း အရာရှိကြီးနာမည်ဖြင့် လမ်းကြောင်းရှင်းပြီး ခိုးထုတ်ခွင့်ရနေကြောင်း စစ်ကောင်စီနှင့် နည်းစပ်သည့်အသိုင်းဝိုင်းကသိရသည်။
ဧရာဝတီတိုင်းကနေ ဖျာပုံမြို့ပင်လယ်ထဲကနေ မလေးရှားနိုင်ငံအထိ သစ်များခိုးထုတ်နေပြီး မအူပင်ခရိုင်မှ စစ်ကောင်စီမှတာဝန်ကျနေသော စစ်ဦးစီးပထမတန်း G1 ဒုတိယဗိုလ်မှူးကြီး နိုင်လွင်၏ နာမည်ဖြင့် သစ်ခိုးထုတ်ရာ လမ်းကြောင်းတလျှောက် အစစ်အဆေးအမေးမြန်းမရှိ သစ်ခိုးထုတ်ခွင့်ရနေကြောင်း စစ်ကောင်စီအသိုင်းဝိုင်း မိသားစုဝင် တစ်ဦးမှ
ဧရာဝတီတိုင်းမ်သို့ပြောသည်။
“အစက မအူပင်မြို့က သစ်စက်လုပ်ငန်းရှင် အချို့ပဲ ခိုးထုတ်တာ ပဲခိုးရိုးမနဲ့ နေပြည်တော်အနည်းတဝိုက်က ကျွန်းသစ် သစ်မလန်း ပိတောက် သစ်စကွဲရားတုံးတွေကို လေလန်အောင်တဲ့ပုံစံမျိုးနဲ့ သစ်တောက တာဝန်ရှိသူအချို့ကို ငွေကြေးပေးပြီးခိုးထုတ်နေတာ”ဟု ပြောသည်။
ယခုအခါတွင် မအူပင်မြို့မှာ စစ်ကောင်စီတပ်ကတာဝန်ကျနေတဲ့ ဒုတိယ ဗိုလ်မှုးကြီး နိုင်လွင်ဆိုသူ၏ နာမည်ဖြင့် လမ်းကြောင်းတလျှောက် အစစ်ဆေးမရှိပဲ သစ်ခိုးထုတ်ခွင့် ရနေတာဖြစ်ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။
မအူပင်မြို့ရှိ သစ်လုပ်ငန်းပိုင်ရှင်များနှင့် အကျိုးတူ စီးပွားဖြစ်လုပ်ဆောင်နေတာဖြစ်ပြီး သစ်လုပ်ငန်းရှင်များကလည်း စစ်ထွက် အရာရှိဖြစ်ပြီး မအူပင်မြို့မှာတာဝန်ကျနေသည့် ဒုတိယဗိုလ်မှုးကြီးနိုင်လွင်ဖြင့် စစ်တက္ကသိုလ် တပတ်စဥ်ထဲ ဖြစ်ပြီး လက်ရှိမအူပင်မြို့တွင် အဆိုပါ ဒုတိယဗိုလ်မှုးကြီး နိုင်လွင်ဆိုသူနှင့်ပေါင်းကာ သစ်မှောင်ခိုလုပ်ငန်းအား တွင်တွင်ကျယ်ကျယ်
လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။