
ငါးသိုင်းချောင်းမြို့ မီးသွေးကုန်းကျေးရွာကနေအိမ်တစ်လုံး ဓားပြတိုက်ခံရ
နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ငါးသိုင်းချောင်း)၊စက်တင်ဘာလ ၁၀ ရက်
ဧရာ၀တီတိုင်း၊ ငါးသိုင်းချောင်းမြို့၊ ဒေါင့်ကြီးကျေးရွာအုပ်စု၊ မီးသွေးကုန်းကျေးရွာက နေအိမ်တစ်လုံးကို စက်တင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက ဓါးပြတိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
” မနေ့က တော်သလင်းလပြည့်ဆိုတော့ အဲ့ဒီအိမ်က လူတွေ ဥပုဥ်ကျောင်းသွားတယ်။အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးပဲရှိတာ။ ဓားပြလာတိုက်တာက အမျိုးသား ၃ ယောက် တစ်အိမ်လုံးမွှေနောက်ရှာပြီး ရွှေငါးမူးသားနဲ့ငွေတစ်သိန်းခွဲပါသွားတယ်။ လူကိုသတ်မသွားတာပဲတော်တော်ကံကောင်းတယ်” လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဓါးပြတိုက်သူ ၃ ဦးဟာ နေအိမ်မှာအမျိုးသမီးတစ်ဦးထဲ နောက်ဖေးမှာဟင်းချက်နေစဥ် အိမ်ရှေ့ကနေ ကုမ္မဏီက ပစ္စည်းပြခြင်လို့ဆိုပြီး ၀င်ရောက်ခဲ့တာဖြစ်ပြီး အမျိုးသမီးကို ရွှေနဲ့ငွေများ
ထားတဲ့နေရာကို မေးမြန်းစဥ်မှာ လက်မောင်းများကိုဓါးနဲ့လှီးခဲ့တယ်လို့ရဲတပ်ဖွဲ့နီးစပ်သူတစ်ဦးထံကနေ ဆိုပါတယ်။
“အမျိုးသမီးတစ်ယောက်ထဲရှိတဲ့အချိန် အိမ်ရှေ့တံခါးကလဲ ပိတ်မထားတော့။ ပစ္စည်းလေးပြခြင်လို့ဆို၀င်လာတာ တစ်ယောက်ကအပြင်မှာစောင့်တယ်။ တစ်ယောက်ကအမျိုးသမီးကို ဓါးနဲ့လက်တွေကိုလှီးပြီးစစ်တယ်။ နောက်တစ်ယောက်ကစ်အိမ်လုံးမွှေနှောက်ရှာတယ်။ အချိန်မရလို့ထင်တယ်။ ရွှေငါးမူးသားဆွဲကြိုးတစ်ကုန်းနဲ့ ငွေတစ်သိန်းခွဲပဲရသွားတယ်။
ဓါးဒဏ်ရာတွေကတော့အပေါ်ယံပဲထိတာ။ အသက်အန္တရာယ်မရှိပါဘူး”လို့ ငါးသိုင်းမြို့ရဲတပ်ဖွဲ့နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဓါးပြတိုက်သူတွေဟာ ဆိုင်ကယ်တစ်စီးထဲစီးပြီး အိုင်သပြု လေးမျက်နှာဘက်ကို မောင်းနှင်ထွက်ပြေးသွားတယ်လို့သိရပြီးစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့၀င်တွေကငါးသိုင်းချောင်းမြို့မှာပိတ်ဆို့ရှာဖွေမှုတွေပြုလုပ်ပေမယ့်ဖမ်းမိတာမျိုးမရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
ဧရာ၀တီတိုင်းမှာ စက်တင်ဘာလအတွင်း ဒုတိယအကြိမ်ဓါးပြတိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီးစက်တင်ဘာလ၆ရက်နေ့ကငပုတောမြို့နယ် ဒေါင့်ချောင်းကျေးရွာက နေအိမ်တစ်လုံးကိုအမျိုးသား၃ဦးကဓါးပြတိုက်မှုဖြစ်ပွားခဲ့ပါတယ်။
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်အတွင်းက မြို့တစ်ချို့မှာသြဂုတ်လ စတင်ကာလူသတ်မှု၊ ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက် အနုကြမ်းစီးခံရ မှုများ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။
#ငါးသိုင်းချောင်း #မီးသွေးကုန်း #ဓားပြတိုက်
#Ayeyarwaddy_Times