ဧရာဝတီတိုင်းမ်
မတ် ၁၉ ရက်
တရုတ်နိုင်ငံက ထိုင်ဝမ်ကို ထိန်းချုပ်မယ့် ရေရှည်ရည်မှန်းချက်ကို ဆက်လက်အကောင်အထည် ဖော်နေပေမယ့် လာမည့်နှစ်အတွင်း ကျူးကျော်တိုက်ခိုက်မှု စတင်ဖို့ မမျှော်လင့်ကြောင်း အမေရိကန် ထောက်လှမ်းရေးအေဂျင်စီတွေရဲ့ ခြိမ်းခြောက်မှုဆိုင်ရာ အကဲဖြတ်ချက်အရ သိရပါတယ်။
“တရုတ်ခေါင်းဆောင်ပိုင်းအနေနဲ့ ၂၀၂၇ ခုနှစ်တွင် ထိုင်ဝမ်ကို ကျူးကျော်ဖို့ လောလောဆယ် စီစဉ် ထားခြင်း မရှိသလို ပြန်လည်ပေါင်းစည်းရေးအတွက် တိကျတဲ့ အချိန်ဇယား သတ်မှတ်ထားခြင်း မရှိ ကြောင်း ထောက်လှမ်းရေးအသိုက်အဝန်းက သုံးသပ်ထားတယ်” လို့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင် ခံစာမှာ ဖော်ပြထားပါတယ်။
ဝါရှင်တန်ရှိ တာဝန်ရှိသူတွေကြားမှာ ၂၀၂၇ ခုနှစ်ကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အနေနဲ့ ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်နိုင်တယ်လို့ ယူဆထားပေမယ့် အမှန်တကယ် တိုက်ခိုက် လာလိမ့်မယ်လို့ ဆိုလိုခြင်းမဟုတ်ကြောင်း အမေရိကန်ထောက်လှမ်းရေးက ပြောပါတယ်။
ပြန်လည်ပေါင်းစည်းရေးအတွက် ဆုံးဖြတ်ရာမှာ တရုတ်စစ်တပ်ရဲ့အသင့်ဖြစ်မှု၊ ထိုင်ဝမ်ရဲ့ လုပ် ဆောင်ချက်တွေနဲ့ နိုင်ငံရေးအခြေအနေ၊ အမေရိကန်က ထိုင်ဝမ်ဘက်မှ စစ်ရေးအရ ကြားဝင်ဆောင်ရွက် ပေးခြင်း ရှိ၊ မရှိ စတဲ့အချက်တွေအပါအဝင် အကြောင်းအရာအမျိုးမျိုးကို ပေကျင်းအနေနဲ့ သေချာပေါက် ထည့်သွင်းစဉ်းစားလိမ့်မယ်လို့ အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားပါတယ်။
တရုတ်စစ်တပ်ဟာ စစ်ဆင်ရေးများမှတစ်ဆင့် ထိုင်ဝမ်ကျွန်းပတ်လည်တွင် အင်အားတိုးချနေပြီး တရုတ်ခေါင်းဆောင်ပိုင်းအတွက်မူ ထိုင်ဝမ်ကို တိုက်ခိုက်ဖို့ စွန့်စားရမည့်အချက်များစွာ ရှိနေသေးကြောင်း အစီရင်ခံစာက ဆိုပါတယ်။
ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး ပေကျင်းအစိုးရက ပြင်းထန်သော ပြောဆိုချက်တွေ မကြာခဏရှိနေ ပေမယ့် ဖြစ်နိုင်ပါက အင်အားသုံးခြင်းမပြုဘဲ ပြန်လည်ပေါင်းစည်းရေးကိုသာ တရုတ်ခေါင်းဆောင်ပိုင်းက ပိုမိုလိုလားနေဆဲဖြစ်တယ်ဆိုတာကို အမေရိကန်ထောက်လှမ်းရေးက ယုံကြည်ထားတယ်လို့ အဆိုပါ အစီ ရင်ခံစာတွင် ဖော်ပြထားပါတယ်။
ထိုင်ဝမ်ကျွန်းအပေါ် တရုတ်ရဲ့ စစ်ရေးအရ အပြင်းအထန် တိုက်ခိုက်မှုဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွား ရေးကို ပိုမိုကျယ်ပြန့်စွာ ထိခိုက်စေလိမ့်မှာဖြစ်ကြောင်း၊ ထိုင်ဝမ်ဟာ ကမ္ဘာ့ထိပ်တန်း ကွန်ပျူတာ ချစ်ပ် ပြားထုတ်လုပ်ရာနေရာဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်မှုရဲ့ ငါးပုံတစ်ပုံခန့်မှာ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း နေသောကြောင့် ဖြစ်ကြောင်း အစီရင်ခံစာက ဆိုပါတယ်။
အမေရိကန်နိုင်ငံနဲ့ ဖြစ်ပွားလာနိုင်တဲ့ ရေရှည်စစ်ပွဲဟာ အမေရိကန်၊ တရုတ်နဲ့ ကမ္ဘာ့စီးပွားရေးတို့ အတွက် မကြုံစဖူး စီးပွားရေးဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်တယ်လို့ အစီရင်ခံစာက ပြောပါတယ်။
ကိုးကား – Aljazeera
Ref; US intelligence agencies not expecting China to invade Taiwan in 2027