သန်လျင်မြို့နယ်ရှိ အိမ်ခြေ ၃ ထောင်ကျော်ကို အာဏာသိမ်းစစ်တပ်မှ ကျူးကျော်များဟုဆိုကာ ဖယ်ရှား

ဧရာဝတီတိုင်းမ်

စက်တင်ဘာ ၁၀ ရက်

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ တာဝ ကွက်သစ်အပိုင်းရှိ အိမ်ခြေ ၃ ထောင်ကျော်ကို ကျူးကျော်ရပ်ကွက်ဟု ဆိုကာ ယမန်နေ့(စက်တင်ဘာ ၉) ရက်နေ့က အပြီးဖျက်သိမ်းကြောင်း အဆိုပါ ဒေသခံများထံမှသိရသည်။

အာဏာသိမ်း စစ်ကောင်စီက ယခင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD လက်ထက်က ကျူးကျော်များကို စာရင်းကောက်ယူပြီး Smart Card ထုတ်ပေးထားသည့် စာရင်းများပါ ရန်ကုန်ရှိ ကျူးကျော်ဟု သတ်မှတ်ပြီး ဖျက်သိမ်းမှု့များ ပြုလုပ်နေလျှက်ရှိသည်။

“ကျနော်တို့က ၂၀၀၈ ခုနှစ်ထဲက ဒီမှာ လယ်မြေကို အကွက်ရိုက်ပြီး အဲ့အချိန်က မြေယာဥပဒေအရ လ/န(လယ်ယာမြေမှ လူနေအိမ်အဖြစ် အခြားမြေ သုံးစွဲခွင့်) ပေါက်ပြီးသားပါ။ သိန်း ၆၀ နဲ့ ဝယ်နေခဲ့တာ။ အခု ကျူးကျော်ဆိုပြီး အတင်းဖျက်ခိုင်းလိူ့ ဖျက်လိုက်ရပြီ။ ဘဝတွေကတော့ ပျက်ပြီးရင်း ပျက်ပြီ။ အခုက စစ်တပ်ကို သွားပြီး စောဒကတက်လို့လည်းမရတော့

ကျနော်တို့ ဘဝတွေ ပျက်ရုံပေါ့ဗျာ” ဟု အဖျက်ခံလိုက်ရသော ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါနေရာတွင် နေထိုင်ကြသူ အများစုသည် တာဝတက္ကသိုလ် စတင်ထူထောင်စဥ်ထဲက ကွက်သစ်အဖြစ် သတ်မှတ်ကာ နေထိုင်လာခဲ့သူ အများစုဖြစ်ပြီး ၎င်းတို့အနေဖြင့် မြေယာဥပဒေအရ လ/န စာရင်းဝင်အဖြစ် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်ထဲက ခွင့်ပြုချက်ရပြီးကြောင်း အထောက်အထား စာရွက်စာတမ်းများရှိသည်ဟု သိရသည်။

သို့သော် အာဏာသိမ်း စစ်ကောင်စီက မြို့ပြပျောက်ကျား တပ်ဖွဲ့ UG များ ခိုအောင်းရာ နေရာများသည် ကျူးကျော်ရပ်ကွက်များတွင် ဖြစ်သည်ဟု ယူဆကာ ကျူးကျော်များကို ရန်ကုန်မြို့အနှံ့ လိုက်လံဖျက်နေသည်။

“ကျနော်တို့ UG တွေ အများဆုံးရှိနေတယ်လို့ ထင်ပြီး ကျူးကျော်တွေကို လိုက်ဖျက်နေတာ။ လှိုင်သာယာ၊ ရွှေပြည်သာ၊ သန်လျင်၊ တောင်ဒဂုံ၊ အရှေ့ဒဂုံ စသဖြင့်ပေါ့။ ကျနော်တို့ UG ဆိုတာ ပြည်သူတွေပါ။ ပြည်သူထဲကနေ စစ်အာဏာရှင် စနစ်ကို မလိုလားလို့ ဖြစ်ပေါ်လာတာပါ။ ကျနော်တို့ဟာ နေရာအနှံ့ ရှိနေတယ်ဆိုတာ စစ်တပ် သိထားပါ” ဟု ရန်ကုန်မြို့ပြ

ပျောက်ကြားတပ်ဖွဲ့က တာဝန်ရှိသူ တဦးက ဆိုသည်။

#AyayaraddyTime #ကျူးကျော်

#သန်လျင်