ဧရာဝတီတိုင်းမ်
(သာယာဝတီ)၊ မတ် ၁၃ ရက်

 

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်တွင် နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) အဖွဲ့သို့ အကျဉ်း သားများ၏ အခက်အခဲများကို တင်ပြခဲ့သည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို အကျဉ်းဦးစီးအရာရှိ များက ဦးဆောင်၍ ဝိုင်းဝန်းရိုက်နှက် ညှဉ်းပန်းနှိပ်စက်ကာ တိုက်ပိတ်ထားကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။

 

ICRC အဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်မှ ၅ ရက်အထိ ထောင်ဝင်စာ လာရောက်ကြည့်ရှုစဉ် နိုင်ငံရေးအကျဉ်းသား ကိုမျိုးကျော်ထက် (ခ) သိုးသိုးက အကျဉ်းသားများ၏ စားသောက်ရေး၊ ကျန်းမာရေးနှင့် နေထိုင်ရေး အခက်အခဲများကို တင်ပြခဲ့သည်။

 

ထိုသို့ တင်ပြမှုကို မကျေနပ်သည့်အတွက် ICRC အဖွဲ့ ပြန်သွားပြီးနောက် ဖေဖော်ဝါရီ ၇ ရက်တွင် အကျဉ်းဦးစီးအရာရှိ ကြည်ဖြိုးအောင်နှင့် တန်းစီးအချို့က ကိုမျိုးကျော်ထက်ကို ပင်မအကျဉ်းထောင် အတွင်း ခေါ်ဆောင်သွားပြီး ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“အကျဉ်းထောင်တွေကို ဖိနှိပ်ရေးယန္တရားအဖြစ်ပြောင်းလဲလိုက်တဲ့အတွက် နိုင်ငံရေးအကျဉ်းသား တွေက ဖိနှိပ်ခံရတဲ့အခြေအနေတွေဖြစ်ပါတယ်။ ICRC လာတဲ့အချိန်မှာ အဆင်ပြေသယောင်ယောင် ပုံဖန်တီးထားပေမယ့် ဒီလိုမျိုးအတုအယောင်ကို လက်မခံတဲ့နိုင်ငံရေးအကျဉ်းသားတွေက တင်ပြကြတဲ့ အပေါ် အခုလိုမျိုးဖိနှိပ်တာဖြစ်ပါတယ်” ဟု PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ရိုက်နှက်မှုကြောင့် ကိုမျိုးကျော်ထက်မှာ မျက်နှာတစ်ခြမ်း ဖူးရောင်ညိုမဲခြင်းနှင့် နားအတွင်း သွေးယို ခြင်းအထိ ပြင်းထန်သော ဒဏ်ရာများ ရရှိကာ ယနေ့ မတ် ၁၃ ရက်အထိ ဆေးကုသခွင့် မရရှိသည့်အပြင် ပြင်ပနှင့် အဆက်အသွယ်ဖြတ်တောက်၍ တိုက်ပိတ်ခြင်း ခံနေရသည်။

 

ကိုမျိုးကျော်ထက်ရိုက်နှက်ခံရသည့်အပေါ် အကျဉ်းသားများက ကန့်ကွက်ရာတွင်လည်း အကျဉ်းဦးစီး အရာရှိ ကြည်ဖြိုးအောင်နှင့်အဖွဲ့က အဆောင်များအတွင်းသို့ ဝင်ရောက်ကာ လက်နက်များဖြင့် ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

 

“ICRCဘက်က ဒီကိစ္စကို သိခြင်းတောင်ရှိချင်မှရှိမယ်ဗျ။ ဒါပေမဲ့ဒီလိုမျိုးထုတ်ပြန်မှုတွေများ ခြင်းအားဖြင့် သူတို့မေးခွန်းပြန်ထုတ်နိုင်တယ်။ သို့သော်လည်းပဲ ထိရောက်တဲ့ဖိအားပေး ဆောင်ရွက်မှု တွေ ရှိနိုင်လိမ့်မယ်လို့ မမျှော်မှန်းနိုင်ပါဘူး။ ဘာလို့လည်းဆိုတော့ICRCကိုယ်တိုင်က စစ်တပ်ရဲ့ချပေးတဲ့ ဘောင်ထဲမှာပဲ လုပ်ကိုင်နေရတဲ့ အခြေအနေမျိုးမှာရှိနေလို့ဖြစ်ပါတယ်ဗျ” ဟု ကိုသိုက်ထွန်းဦးက ဆက်လက်ပြောသည်။

 

စစ်ကော်မရှင်သည် ကိုဗစ်ရောဂါကို အကြောင်းပြ၍ ICRC အဖွဲ့အစည်းကို အကျဉ်းထောင်အျားအတွင်း ဝင်ရောက်ခွင့်ပိတ်ပင်ထားရာမှ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှ စတင်ကာအကျဉ်းထောင်များအတွင်းသို့ ပြန်လည်ဝင်ရောက်ခွင့် ပြုခဲ့ခြင်းဖြစ်သည်။

 

သို့သော် ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများမှာ အခြေခံ လူ့အခွင့်အရေးများ ဆုံးရှုံးနေဆဲဖြစ်ပြီး ဖိနှိပ်မှုများလည်း ပိုမိုဆိုးရွားလာနေကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်