ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၈ ရက်

 

စက်မှုဇုန်အပါအဝင်အထူးစီးပွားရေးဇုန်များ၏ပြင်ပတွင်ရှိသော စက်မှုနှင့် စီးပွားရေးလုပ်ငန်းများ ၂၄ နာရီလျှပ်စစ်မီးရလိုလျှင် တစ်ယူနစ် ၉၀၀ ကျပ်ဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထံ လျှောက်ထားနိုင်ကြောင်း စစ်ကော်မရှင်က ယနေ့ထုတ်ပြန်သည်။

 

သဘာဝဓာတ်ငွေ့ရည်သုံး ဓာတ်အားပေးစက်ရုံများမှထုတ်လုပ်သော လျှပ်စစ်ဓာတ်အားကို ဓာတ်အားလိုင်းနှင့် ဓာတ်အားစနစ်ပြတ်တောက်မှုကြောင့်သာ မီးပြတ်မည်ဖြစ်ပြီး ဓာတ်အားဖြတ်တောက်မှုမရှိဘဲ ၂၄ နာရီသုံးစွဲနိုင်ရန် စက်မှုနှင့် စီးပွားရေးလုပ်ငန်းများ လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

လက်ရှိမီတာခကောက်ယူရာတွင် အိမ်သုံးအမျိုးအစားနှင့် အိမ်သုံးမဟုတ်သည့်အမျိုးအစားအတွက် မီတာခပြောင်းလဲကောက်ခံမှုမရှိကြောင်း သိရသည်။

 

ရန်ကုန်မြို့အပါဝင် မြို့ကြီးများရှိစီးပွားရေးလုပ်ငန်းရှင်များနှင့် ငွေကြေးတတ်နိုင်သူများက နေအိမ်များတွင် နေရာင်ခြည်စွမ်းအင်သုံး( solar) စနစ်တပ်ဆင်သူများပြားကြောင်း ဆိုလာရောင်းဝယ်သူများထံမှ သိရသည်။

 

“စစ်ကောင်စီက အခုမှလျှပ်စစ်မီးပေးဖို့လုပ်နေတယ်။ လုပ်ငန်းတော်တော်များများမှာ ဆိုလာတပ်ထား တာတွေရှိတယ်။ ဆိုလာပစ္စည်းဆိုလည်း ခရိုနီအုပ်စုတွေသွင်းတာပဲ။ မင်းအောင်လှိုင်သားကုမ္ပဏီတွေပါတယ် ကြားတယ်လေ။ ဆိုလာတွေရောင်းပြီးတော့ အခုကျတော့ တစ်ယူနစ် ၉၀၀ မီတာခကောက်ပြန်တယ်။ အသေးစားလုပ်ငန်းဆိုတော့ လောလောဆယ်သက်သာသလိုပဲသုံးမယ်” ဟု အိမ်တွင်း အလူမီနီယံလုပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

 

စက်မှုဇုန်နှင့် အထူးစီးပွားရေးဇုန်များကို သဘာဝဓာတ်ငွေ့ရည် ( LNG) ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဖြင့်ဖြန့်ဖြူးပေးနေပြီး တစ်ယူနစ် ၉၀၀ ကျပ်နှုန်းထားဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ကောက်ယူနေခြင်းဖြစ်သည်။

 

ဓာတ်ပုံ – လူမှူကွန်ရက်