ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၀ ရက်

ကမ္ဘာ့မွတ်စလင်ဦးရေ အများဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားဟာ ဂါဇာဒေသမှာ အသစ်ဖွဲ့စည်းမယ့် နိုင်ငံတကာ တည်ငြိမ်ရေးတပ်ဖွဲ့ (ISF) မှာ ဒုတိယတပ်မှူး တာဝန်ယူမှာဖြစ်ပြီး မော်ရိုကိုနိုင်ငံက ဒီတပ်ဖွဲ့ မှာ စစ်သည်အင်အား ကူညီပေးသွားမယ်လို့ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ဒီတပ်ဖွဲ့ရဲ့ အမေရိကန်တပ်မှူးက ပြောကြားခဲ့ပါတယ်။

အင်ဒိုနီးရှားနဲ့ မော်ရိုကိုဟာ ဂါဇာအတွက် ဖွဲ့စည်းမယ့် နိုင်ငံတကာ လုံခြုံရေးတပ်ဖွဲ့မှာ စစ်သည် အင်အား ထည့်ဝင်ဖို့ ကတိပြုထားတဲ့ ငါးနိုင်ငံထဲမှာ ပါဝင်လာတာပါ။

ဝါရှင်တန်မှာကျင်းပတဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ပထမဆုံးအကြိမ် အ စည်းအဝေးမှာ ဗိုလ်ချုပ်ကြီး ဂျက်စပါဂျက်ဖာက အခုလို ကြေညာခဲ့တာ ဖြစ်ပါတယ်။

အဲဒီအစည်းအဝေးကို အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုလည်း တက်ရောက်ခဲ့ပြီး “ကျွန် တော်က ကမ်းလှမ်းခဲ့တာဖြစ်ပြီး အင်ဒိုနီးရှားက ISF ရဲ့ ဒုတိယတပ်မှူးရာထူးကို လက်ခံလိုက်ပြီ” လို့ ဗိုလ် ချုပ်ကြီး ဂျက်စပါဂျက်ဖာက ပြောပါတယ်။

ISF ကို သေချာပေါက် ဖွဲ့စည်းပြီဆိုပါက အင်ဒိုနီးရှားနိုင်ငံအနေနဲ့ တပ်ဖွဲ့ဝင် ၈,၀၀၀ အထိ ဂါဇာကို စေလွှတ်ဖို့ အသင့်ရှိနေတယ်လို့ ပြောထားပါတယ်။

ISF မှာ စုစုပေါင်း တပ်ဖွဲ့ဝင် ၂၀,၀၀၀ ထားရှိဖို့ ရည်မှန်းထားသလို ရဲတပ်ဖွဲ့အသစ်တစ်ခုကိုလည်း သီးသန့် ဖွဲ့စည်းသွားဖို့ ရှိနေပါတယ်။

ဗိုလ်ချုပ်ကြီး ဂျက်စပါဂျက်ဖာက မော်ရိုကိုနိုင်ငံကလည်း တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့ သဘောတူ ထားတယ်လို့ အတည်ပြုခဲ့ပြီး ဒါဟာ အာရပ်နိုင်ငံတွေထဲမှာ ဒီတပ်ဖွဲ့အတွက် စစ်သည်အင်အား ထည့်ဝင်ဖို့ ပထမဆုံးအကြိမ်အဖြစ် ကတိပြုလိုက်တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး ဂျက်စပါဂျက်ဖာက ISF မှာ ပါဝင်ဖို့ ပထမဆုံးအသုတ်အနေနဲ့ အင်ဒိုနီးရှား၊ မော်ရိုကို၊ ကာဇက်စတန်၊ ကိုဆိုဗိုနဲ့ အယ်လ်ဘေးနီးယားတို့က တပ်ဖွဲ့ဝင်တွေ ထည့်ဝင်ဖို့ ကတိပြုထားကြပြီလို့ ဆို ပါတယ်။

အီဂျစ်နဲ့ ဂျော်ဒန်နိုင်ငံတို့ကလည်း ဂါဇာအတွက် ဖွဲ့စည်းမယ့် ရဲတပ်ဖွဲ့ကို လေ့ကျင့်သင်ကြားပေးဖို့ အတွက် ကတိပြုထားကြတယ်လို့ သူက ဆိုပါတယ်။

ကိုးကား – Reuters
Ref; Indonesia to take deputy commander role in Gaza force, says US general