(ဒေသတွင်းရှိ အမေရိကန်စစ်စခန်းတွေကို တိုက်ခိုက်မယ်လို့ အီရန် ပြန်လည်တုံ့ပြန်)
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၀ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံဟာ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး သ ဘောတူညီချက်တစ်ခုရအောင် မလုပ်ပါက တကယ်ကို ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်လို့ ကြာသပတေးနေ့က သတိပေးလိုက်ပါတယ်။
အီရန်ကို ဆုံးဖြတ်ချက်ချဖို့ ၁၀ ရက်ကနေ ၁၅ ရက်အထိပဲ အချိန်ပေးမယ်ဆိုပြီး ဒေါ်နယ်ထရမ့်က နောက်ဆုံးရက် သတ်မှတ်ပေးလိုက်ပါတယ်။
ဒီသတိပေးချက် ထွက်လာပြီးနောက် အီရန်ကလည်း တိုက်ခိုက်ခံရပါက ဒေသတွင်းမှာရှိတဲ့ အမေ ရိကန် စစ်အခြေစိုက်စခန်းတွေကို လက်တုံ့ပြန် တိုက်ခိုက်မယ်လို့ ပြန်လည် ခြိမ်းခြောက်လိုက်ပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်က စစ်အင်အား အလုံးအရင်း တိုးမြှင့်ချထားတာကြောင့် စစ်ပွဲ ပိုကျယ်ပြန့်လာမလားဆိုပြီး စိုးရိမ်နေကြတဲ့အချိန်မှာ ဒေါ်နယ်ထရမ့်က အီရန်နဲ့ ဆွေးနွေးမှုတွေဟာ အဆင်ပြေပြေ ရှိနေပါတယ်လို့ ပြောပေမယ့် အနှစ်သာရရှိတဲ့ သဘောတူညီချက်တစ်ခု ရအောင်လုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။
ဝါရှင်တန်မှာကျင်းပတဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ပထမဆုံးအကြိမ် အစည်းအဝေးမှာ ဒေါ်နယ်ထ ရမ့်က “ဒါ မှမဟုတ်ရင်တော့ ဆိုးရွားတဲ့အရာတွေ ဖြစ်လာလိမ့်မယ်” ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လတုန်းက အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အီရန်ရဲ့ နျူကလီး ယားစွမ်းဆောင်ရည်ဟာ အကြီးအကျယ် ပျက်စီးသွားခဲ့ပြီလို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
အီရန်အစိုးရက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ထံ ပေးပို့ခဲ့တဲ့ စာထဲမှာ သူတို့အနေနဲ့ ဘယ်စစ်ပွဲကိုမှ အရင်စမှာ မဟုတ်ဘူးလို့ ဆိုထားပေမယ့် တကယ်လို့ စစ်ရေးအရ ကျူးကျော်လာပါက ကိုယ့်ကိုယ်ကိုယ် ခုခံပိုင်ခွင့်အရ ပြတ်ပြတ်သားသား တူညီတဲ့အင်အားမျိုးနဲ့ ပြန်လည် တုံ့ပြန်သွားမယ်လို့ ပြောထားပါတယ်။
ရန်လိုတဲ့ အင်အားစုတွေရဲ့ အခြေစိုက်စခန်းတွေ၊ အဆောက်အအုံတွေနဲ့ ပိုင်ဆိုင်မှုအားလုံးဟာ တိုက်ခိုက်လို့ရတဲ့ တရားဝင်ပစ်မှတ်တွေ ဖြစ်လာလိမ့်မယ်လို့လည်း အဲဒီစာမှာ သတိပေးထားပါသေး တယ်။
ဖြစ်လာနိုင်တဲ့ ခန့်မှန်းရခက်တဲ့ အကျိုးဆက်တွေနဲ့ ထိန်းမနိုင်သိမ်းမရ ဖြစ်ရပ်တွေအားလုံးအ တွက် အမေရိကန်မှာပဲ တာဝန်အပြည့်အဝ ရှိတယ်လို့ အီရန်က ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက်ပါတယ်။
ကိုးကား – AFP
Ref; Trump sets Iran nuclear deal deadline, Tehran threatens retaliation against US bases