ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၆ ရက်

 

ထိုင်းနိုင်ငံအတွင်း ခွေးရူးပြန်ရောဂါ ကူးစက်ပြန့်ပွားမှုများ ရှိနေပြီး ပြီးခဲ့သည့် ဇန်နဝါရီ နောက်ဆုံး ပတ်တွင် မြန်မာနိုင်ငံသားတစ်ဦး ခွေးရူးပြန်ရောဂါဖြင့် သေဆုံးခဲ့ကြောင်း ထိုင်းသတင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

 

သေဆုံးသူ မြန်မာနိုင်ငံသားသည် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ခွေးပေါက်စတစ်ကောင်၏ ကိုက်ခြင်းကို ခံခဲ့ရသော်လည်း ဆေးကုသမှု မခံယူဘဲ ထားရှိခဲ့ရာမှ ဇန်နဝါရီလတွင် ရေသောက်ရ ခက်ခဲခြင်း၊ အသက်ရှူကျပ်ခြင်းနှင့် ခေါင်းမူးခြင်း ဝေဒနာများ ခံစားရပြီးနောက် နှစ်ရက်အကြာတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

 

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း ချွန်ဘူရီ၊ တာ့ခ် (မဲဆောက်အပါအဝင်)၊ စီစကတ်၊ နခွန်ရတ်ချစီမာ၊ ရယွန်းနှင့် ချာချိုင်ဆောင် ခရိုင်များတွင် ခွေးရူးပြန်ရောဂါဖြင့် သေဆုံးသူ ခုနစ် ဦးရှိခဲ့ပြီး ၎င်းတို့အားလုံးမှာ တိရစ္ဆာန်အကိုက်ခံရပြီးနောက် ကာကွယ်ဆေးထိုးရန် ပျက်ကွက်ခဲ့သူများ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံသားအများစုနေထိုင်ရာ မဲဆောက်မြို့နယ်တွင်လည်း ခွေးရူးပြန်ရောဂါများဖြစ်ပွား နေသည့်အတွက် ရပ်ကွက်အများစုကို ကူးစက်ရောဂါဇုန်များအဖြစ်သတ်မှတ်ထားပြီး သတိပေး ချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

 

ထို့ကြောင့် ရောဂါဖြစ်ပွားနေကြောင်း သံသယရှိပါကအာဏာပိုင်များကို သတိပေးရန်၊ သေဆုံးတိရစ္ဆာန် ခန္ဓာကိုယ်များကို ရွှေ့ပြောင်းခြင်းမပြုပဲ သက်ဆိုင်ရာကိုသာအကြောင်းကြားရန်၊ အိမ်မွေးတိရစ္ဆာန် များကို အိမ်တွင်းတွင်သာထားရန်၊ ခွေးလေခွေးလွင့်များနှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရန် စသည့် လိုက်နာရန် သတိပေး ချက်များထုတ်ပြန်ထားသည်။

 

လက်ရှိရောဂါကူးစက်နိုင်မှု အခြေအနေများကြောင့် ကျန်းမာရေးအရာရှိများက တိရစ္ဆာန်ကိုက်ခံရခြင်း သို့မဟုတ် ကုတ်ခြစ်ခံရခြင်းရှိပါက ဒဏ်ရာကို ရေ၊ ဆပ်ပြာတို့ဖြင့် ချက်ချင်းစင်ကြယ်အောင် ဆေးကြောပြီး အနီးဆုံး ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးသွားရောက်ရန် တိုက်တွန်းထားသည်။

 

ထိုင်း အစိုးရဆေးရုံကြီးများတွင်လည်း ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးများကို အခမဲ့ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

 

လက်ရှိရောဂါကူးစက်နိုင်မှု အခြေအနေများကြောင့် ကျန်းမာရေးအရာရှိများက တိရစ္ဆာန်ကိုက်ခံရမှု၊ ကုတ်ခြစ်ခံရမှုများဖြစ်ပွားပါက ရေ၊ ဆပ်ပြာတို့ဖြင့်ချက်ခြင်းဆေးကြောရန် အမြန်ဆုံးဆေးကုသရန် တိုက်တွန်းထားပြီး အစိုးရဆေးရုံကြီးများတွင်လည်း ခွေးရူးပြန်ရောဂါကာကွယ်ဆေးများကို အခမဲ့ ထိုးနှံပေးကြောင်း သိရသည်။

ကိုးကား – Bangkok Post