ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၆ ရက်
ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၄ ခုအထိ လက်လွှတ်လိုက်ရကာ စစ်ရှုံးခဲ့သည့် စစ်အရာရှိများကို စစ်ကော်မရှင်က သေဒဏ်နှင့် အမြင့်ဆုံး ထောင်ဒဏ်များ အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။
ရခိုင်တိုက်ပွဲများအတွင်း စစ်ဆင်ရေးအရ ရှုံးနိမ့်ဆုတ်ခွာခဲ့ကြသည့် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ အရာရှိ သုံး ဦးကို စစ်ခုံရုံးတင်၍ သေဒဏ်နှင့် ထောင်ဒဏ် ၂၀ နှစ်အထိ ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။
စစ်ကော်မရှင်သည် ဘူးသီးတောင်အခြေစိုက် ခလရ-၂၆၃ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဆန်းကျော် သူကို တပ်မတော်အက်ဥပဒေ ပုဒ်မ ၃၂(က)၊ ၃၂(ဎ) တို့ဖြင့် သေဒဏ်၊ ခမရ-၃၅၂ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တိုးဝေမြင့်နှင့် စကခ-၁၉ မှ ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဇင်သန့်တို့ကို ပုဒ်မ ၃၂(က) ဖြင့် ထောင်ဒဏ် ၂၀ နှစ်စီ ချမှတ်လိုက်ကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ အရာရှိ သုံး ဦးကို ဖေဖော်ဝါရီ ၂ ရက်တွင် စစ်တွေဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အတွင်းရှိ စစ်ခုံရုံး၌ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်ထားကြောင်း ရခိုင် ဒေသတွင်း မီဒီယာများတွင် ဖော်ပြထားသည်။
သေဒဏ်နှင့် ထောင်ဒဏ်များ ချမှတ်ခံရသည့် ဒုဗိုလ်မှူးကြီး သုံး ဦးမှာ ၂၀၂၄ ခုနှစ် မေလအတွင်းက ဘူးသီးတောင်တိုက်ပွဲများ၌ စကခ-၁၅ မှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း (လက်ရှိ AA က ဖမ်းဆီးထားသူ) နှင့် ပြဿနာဖြစ်ပွားခဲ့ပြီးနောက် စစ်တွေဒကစသို့ ဖမ်းဆီးပို့ဆောင်ခံခဲ့ရသူများ ဖြစ်သည်။
ထို့အပြင် ကျောက်တော်တိုက်ပွဲတွင် စခန်းစွန့်ခွာခဲ့သည့် ဗျူဟာမှူးအဆင့်တစ်ဦးနှင့် ဗိုလ်ကြီးအဆင့်ရှိသူ သုံး ဦးကိုလည်း စစ်ကော်မရှင်က သေဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်က တရားစွဲဆိုသည့် တပ်မတော်အက်ဥပဒေ ပုဒ်မ ၃၂(က) မှာ စစ်ဆင်ရေးတာဝန်ကျရာမှ ဆုတ်ခွာခြင်း (သို့မဟုတ်) အခြားသူတစ်ဦးဦးကို ဆုတ်ခွာရန် ဖိအားပေးခြင်း၊ တိုက်တွန်းခြင်းဆိုင်ရာ ပြစ်မှုဖြစ်ပြီး ပုဒ်မ ၃၂(ဎ) မှာ အထက်အရာရှိက ပေးအပ်သော စစ်ဆင်ရေးတာဝန်ကို လိုက်နာရန် ပျက်ကွက်မှုဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-AA Info Desk
ပုံစာ-AA က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကို ာသိမ်းပိုက်စဉ်က ဖမ်းဆီးရမိသည့် စစ်ကော်မရှင်တပ်မှ စစ်အရာရှိများကို တွေ့ရစဉ်။ (၂၀၂၄ ဒီဇင်ဘာ ၂၀ -ပုံဟောင်း)