ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၆ ရက်
ဖေဖော်ဝါရီလ ၁၅ ရက်က ထုတ်ပြန်တဲ့ တရုတ်နှစ်သစ်ကူး မိန့်ခွန်းမှာ ထိုင်ဝမ်သမ္မတ လိုင်ချင် တေးက လာမယ့်နှစ်အတွင်း ထိုင်ဝမ်ရဲ့လုံခြုံရေးအတွက် ကာကွယ်ရေးလုပ်ငန်းတွေကို ပိုပြီး တိုးမြှင့်လုပ် ဆောင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။
ထိုင်ဝမ်ကို သူတို့ပိုင်နက်အဖြစ် သတ်မှတ်ထားတဲ့ တရုတ်နိုင်ငံကို တုံ့ပြန်နိုင်ဖို့အတွက် လိုင်ချင် တေးဟာ ပြီးခဲ့တဲ့နှစ်က အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံအထိရှိတဲ့ ကာကွယ်ရေးအသုံးစရိတ်တွေကို တိုး မြှင့်ဖို့ အဆိုပြုခဲ့တာပါ။
လွှတ်တော်ထဲမှာ အမတ်နေရာအများစု ရထားတဲ့ အတိုက်အခံပါတီတွေကတော့ ဒီအဆိုပြုချက် ကို ပြန်လည်သုံးသပ်ဖို့ ငြင်းဆန်ထားကြပါတယ်။ သူတို့ကတော့ သမ္မတလိုချင်တဲ့ အမေရိကန်လက်နက် တချို့တလေကိုပဲ ဝယ်ယူနိုင်မယ့် အသုံးစရိတ်ပိုနည်းတဲ့ ကိုယ်ပိုင်အဆိုပြုချက်တွေကိုပဲ တင်သွင်းထား ကြတာပါ။
ဒီမိန့်ခွန်းကိုတော့ သမ္မတလိုင်ချင်တေးက ဒီလအစောပိုင်းမှာ သူကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့ တဲ့ ထိုင်ဝမ်အလယ်ပိုင်း တောင်တန်းတွေပေါ်မှာရှိတဲ့ အရေးအကြီးဆုံး စစ်ဘက်ရေဒါစခန်းတစ်ခုမှာ ရိုက် ကူးခဲ့တာ ဖြစ်ပါတယ်။
မိန့်ခွန်းထဲမှာတော့ ထိုင်ဝမ်ကျွန်းကို အချိန်ပြည့် စောင့်ရှောက်ကာကွယ်ပေးနေတဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေကို ကျေးဇူးတင်ရှိကြောင်းလည်း သူက ထည့်သွင်းပြောခဲ့ပါတယ်။
ထိုင်ဝမ်ရဲ့လုံခြုံရေးနဲ့ ပတ်သက်လို့ လိုင်ချင်တေးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေကတစ် ဆင့် “ကျွန်တော်တို့အနေနဲ့ အမျိုးသားကာကွယ်ရေးနဲ့ ပြည်သူ့လုံခြုံရေးအတွက် ပိုပြီး ကြိုးစားလုပ် ဆောင်မယ်၊ နိုင်ငံတော်လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပြီး လူမှုဘဝ တည်ငြိမ်ရေးကိုလည်း ထိန်း သိမ်းသွားမှာပါ” လို့ ဆိုပါတယ်။
လိုင်ချင်တေးဟာ အမြင့်ပေ တော်တော်မြင့်တဲ့နေရာမှာရှိတဲ့ ရှောက်ရွှယ်ရှန်းရေဒါစခန်းကို ရောက်ရှိနေတာဖြစ်ပြီး အဲဒီက စစ်သည်တော်တွေကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးနေတာကို တွေ့ရပါ တယ်။
အဲဒီဗီဒီယိုထဲမှာ ထိုင်ဝမ်က ပထမဆုံး ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောကြီးရဲ့ ရေအောက် စမ်းသပ် မောင်းနှင်နေတဲ့ ပုံရိပ်တွေကိုလည်း ဖော်ပြထားပါတယ်။
ကိုးကား – Reuters
Ref; Taiwan president vows to strengthen island’s defences in Lunar New Year message