ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၄ ရက်
တိုက်ပွဲဖြစ်နေသည့်နယ်မြေများတွင် အင်အားဖြည့်တင်းမှုများလုပ်ဆောင်နေသော်လည်း စစ်ရေးအရရှုံးနိမ့်မှုများ ရှိသည့်အတွက် ဒုတိုင်းမှူးများကို ဖမ်းဆီးမှုများရှိလာကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးမှုများကြောင့် အင်အားပြုန်းတီးနေသည့် ကျောက်ဖြူကို စစ်ကော်မရှင်၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦး ရောက်ရှိကွပ်ကဲနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
”ကျောက်ဖြူကို နပခတိုင်းမှူးဆင်းနေတယ်လို့ သတင်းတွေထွက်နေပါတယ်။ စစ်ရေးရှုံးနေတာကို စီမံမယ်လို့လည်း ပြောပါတယ်။ အဲလိုသတင်းတွေနဲ့အတူ စစ်တပ်က စစ်ကြောင်း သုံးကြောင်း တပြိုင်နက်ထွက်တာတွေရှိလာပါတယ်” ဟု ကျောက်ဖြူ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကျောက်ဖြူကို အင်အားထောင်ချီပို့ထားသော်လည်း စစ်ကော်မရှင်တပ်များ စစ်ရေး ရှုံးနိမ့်နေပြီး ရေတပ်ဌာနချုပ်အနီးထိ တိုက်ပွဲများရောက်ရှိနေသည်။
အဆိုပါအခြေအနေကြောင့် အမ်းနပခ သိမ်းယူခံရပြီး စစ်တွေကို ဌာနချုပ်ပြောင်းရွှေ့ရုံးထိုင်နေရသည့် တိုင်းမှူးဖြစ်သူ ကျောက်ဖြူသို့ ရောက်ရှိနေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကော်မရှင်က စစ်ရေးအခြေအနေပြောင်းပြီး စစ်ရှုံးနေသည့်အခြေအနေကြောင့် မပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ရာဇာထွန်းကို နေပြည်တော်ခေါ်ယူပြီး စစ်ခုံရုံးတင်စစ်ဆေးနေသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ- နပခတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦး