
လူနာပို့ပြီး ပြန်လာတဲ့ ရေးမြို့က လူနာတင်ယာဉ် သံဖြူဇရပ်မြို့နယ် ပိန္နဲတောကျေးရွာအနီးမှာ မိုင်းဆွဲခံရ
ကိုကိုလေး/ဧရာဝတီတိုင်းမ်
(ရေး)၊ စက်တင်ဘာလ ၉ ရက်
မွန်ပြည်နယ်၊ ရေးမြို့ အောင်မင်္ဂလာနာရေးကူညီမှုနှင့်လူမှုကယ်ဆယ်ရေးအသင်းလူနာတင်ယာဉ်ဟာ မော်လမြိုင်ဆေးရုံသို့ လူနာပို့ပြီးအပြန် သံဖြူဇရပ်မြို့နယ် ပိန္နဲတောကျေးရွာအနီး မှာ မိုင်းဆွဲခံခဲ့ရကြောင်း အဆိုပါ နာရေးကူညီမှုအသင်းထံက သိရှိရသည်။
ရေးမြို့ အောင်မင်္ဂလာနာရေးကူညီမှုနှင့်လူမှုကယ်ဆယ်ရေးအသင်းလူနာတင်ယာဉ်မှာ ဆိုင်ကယ်အက်စီးဒင့်ဖြစ်သည့် လူနာကို ပို့ပြီးအပြန်မှာ သံဖြူဇရပ်မြို့နယ် ပိန္နဲတောကျေးရွာအနီးမှာ ယနေ့ စက်တင်ဘာလ ၉ ရက်နေ့ည ၁၂ နာရီ ၂၀ မိနစ်မှာ မိုင်းဆွဲခံခဲ့ရကြောင်း နာရေးကူညီမှု အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“လူနာသွားပို့တာ ကားက နှစ်စီးသွားကြတာ အပြန်မှာဖြစ်တာပေါ့။ ရှေ့ကားတစ်စီးကတော့ လွတ်သွားတယ်။ ကားကအရှိန်နဲ့မောင်းလာရင်း လမ်းဘေးကမိုင်းကထပေါက်တော့ ကားက ဘေးထိုးကျသွားတယ်။ မိုင်းစတွေ ထိမှန်ပြီးယာဥ်မောင်း ထိခိုက်သွားပါတယ်။ လက်ရှိ ယာဥ်မောင်းကိုဆေးရုံကိုပို့ဆောင်ထားပါတယ်” ဟု အောင်မင်္ဂလာနာရေးကူညီမှုနှင့်လူမှုကယ်ဆယ်ရေးအသင်းလူနာတင်ယာဉ်မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။
အဆိုပါ မိုင်းဆွဲခံရမှုကြောင့် ကားနှစ်စီးအနက် တစ်စီးပျက်စီးသွားပြီး ယာဥ်မောင်းဖြစ်သူမှာ မိုင်းစများ လည်ပင်းကိုထိမှန် ဒဏ်ရာများကြောင့် ရေးမြို့ဆေးရုံကြီးကို ပို့ဆောင်ထားရကြောင်း သိရသည်။
ထို့အပြင် အဆိုပါမိုင်းဆွဲခံရမှုကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို မသိရှိရသေးကြောင်း သတင်းတစ်စုံတစ်ရာထုတ်ပြန်ထားသည်ကို မတွေ့ရှိရသေးကြောင်း အောင်မင်္ဂလာနာရေးကူညီမှုနှင့်လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။
#Ayeyarwaddy_Times