ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၁ ရက်
စစ်တပ်၏ အာဏာသိမ်ထားမှု ငါးနှစ်တိုင်ကြာမြင့်လာပြီဖြစ်သော်လည်း မြန်မာပြည်သူများ၏ ခုခံတော်လှန်မှုသည် စစ်တပ်ကိုဖြိုချမည့်စိတ်ပိုင်းဖြတ်မှုပြသနေပြီး စွန့်လွှတ်ပေးဆပ်မှုများစွာဖြင့် ဆက်လက်ကြံ့ကြံ့ခံ တော်လှန်နေကြဆဲဖြစ်ကြောင်း Justic For Myanmar(JFM) က ယနေ့ ဇန်နဝါရီ ၃၁ တွင် ထုတ်ပြန်သည်။
စစ်အုပ်စုသည် လက်ရဲဇတ်ရဲအကြမ်းဖက်မှုများ၊ ဖိနှိပ်မှုများနှင့် နိုင်ငံအနှံ့ အကြမ်းဖက်စစ်ဆင်ရေးများ ကျူးလွန် နေသော်လည်း ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကို အခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် ပြည်သူ့တော်လှန်ရေးမှာမူ ဆက်လက်ကြံ့ကြံ့ခံ ရှင်သန်အားကောင်းနေဆဲ ဖြစ်သည်။

ခုခံတော်လှန်ရေးတပ်များသည် နိုင်ငံတစ်ဝန်း အောင်ပွဲများရရှိလာသည်နှင့်အမျှ စစ်အုပ်စုသည် နယ်မြေထိန်းချုပ်မှုများကို လက်လွှတ်ဆုံးရှုံးထားရသည်။ထို့ကြောင့် စစ်အုပ်စုသည် တိုင်းပြည် အာဏာ ကို အလုံးစုံထိန်းချုပ်နိုင်ရန် ၅ နှစ်တာကြိုးပမ်းနေသော်လည်း မြန်မာပြည်သူလူထုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းထံမှ မည်သည့်လုပ်ပိုင်ခွင့်အာဏာမှ ရရှိခဲ့ခြင်းမရှိဟု JFM ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ငါးနှစ်တာကာလ ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် မြန်မာစစ်အုပ်စုအနေနဲ့ သူရဲ့ အာဏာရှင်စနစ်နဲ့ ဖိနှိပ်မှုယန္တရားကို ခုခံတော်လှန်လိုတဲ့ ပြည်သူတွေရဲ့ဆန္ဒကို ရိုက်ချိုးနိုင်ခြင်း မရှိပါဘူး။ သူတို့တွေအနေနဲ့ တရားဝင်မှု၊ အုပ်ချုပ်ခွင့်အာဏာ မရှိတဲ့အတွက် ပြည်သူတွေအပေါ် အကြမ်းဖက်တဲ့နည်းလမ်းကိုပဲ အားကိုးတော့တာဖြစ်ပါတယ် ” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။
လက်ရှိတွင် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ကျင်းပပြီးစီးပြီဖြစ်သော်လည်း မြန်မာပြည်သူ များနှင့် နိုင်ငံတကာအစိုးရများ၏ အာပေးထောက်ခံမှုကိုရရှိမည်မဟုတ်ကြောင်း JFM ၏ ပြောရေးဆိုခွင့် ရှိသူက ဆက်လက်ပြောကြားသည်။

ထို့ပြင် နိုင်ငံတကာ အစိုးရများအနေဖြင့် စစ်အုပ်စု၏ အကြမ်းဖက်စစ်ဆင်ရေးကို သက်ဆိုးရှည်စေသည့် ဘဏ္ဍာငွေ၊ စစ်လက်နက်၊ ပစ္စည်းကိရိယာနှင့် လေယာဉ်ဆီလမ်းကြောင်းများကို ရပ်တန့်စေဖို့အတွက် ပူးပေါင်းညှိနှိုင်းလုပ်ဆောင်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်သွားရန်လိုအပ်ကြောင်းလည်း JFM က ဆိုသည်။
” ခုခံတော်လှန်ရေးက ခြောက်နှစ်မြောက်ကာလကို ဝင်ရောက်လာချိန်မှာ ကမ္ဘာကြီးအနေနဲ့ စစ်ရာဇဝတ် ဂိုဏ်းကို အမြစ်ဖြတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီအနာဂတ် တည်ဆောက်ဖို့ ကြိုးပမ်းနေတဲ့ မြန်မာ ပြည်သူတွေရဲ့အားထုတ်မှုများနဲ့အတူ တစ်သားတည်း သွေးစည်းညီညွတ်စွာ ရပ်တည်ပေးကြရမှာ ဖြစ်ပါတယ်” ဟု Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က တိုက်တွန်း ထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက် ၊ JFM