(မြန်မာမှာ အကြမ်းဖက်မှုမှန်သမျှကို အပြင်းအထန် ရှုတ်ချတယ်လို့ ဆို)

ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၁ ရက်

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တာ ၅ နှစ်ရှိလာပြီဖြစ်ပေမယ့် လူသားချင်းစာနာမှု၊ နိုင်ငံ ရေးနဲ့ လုံခြုံရေး အကျပ်အတည်းတွေ ပိုပြီးဆိုးလာနေပြီလို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က သောကြာနေ့မှာ သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းမှာ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာ၊ လူတွေ အစုလိုက်အပြုံလိုက် စစ်ဘေးရှောင်နေရတာနဲ့ အကြမ်းဖက်မှုတွေ ပိုပြီးအရှိန်မြင့်လာတာတွေကို ကြည့်ပြီး သူက အခုလို ပြော လိုက်တာပါ။

စစ်တပ်က အာဏာသိမ်းပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ အစိုးရအဖွဲ့ဝင်တွေကို ဖမ်း ဆီးချုပ်နှောင်ထားခဲ့တာ ၅ နှစ်ရှိလာတဲ့အခါမှာ မြန်မာပြည်သူတွေရဲ့ ဒုက္ခက ပိုပြီးတော့ နက်ရှိုင်းလာနေ ပြီလို့ ဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟက်ခ်က ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို နေရာအနှံ့မှာ ချိုးဖောက်နေကြပေမယ့် ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေတဲ့ သံသရာက ဆက်ပြီး ရှိနေတုန်းပဲလို့လည်း သူက ထောက်ပြထားပါတယ်။

“မြန်မာနိုင်ငံမှာ အခြေအနေတွေ ဆိုးရွားလာနေတာရယ်၊ အဲဒီရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဒေသတွင်းနိုင်ငံတွေအပေါ် အကြီးအကျယ် သက်ရောက်လာနေတာကို ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ်က တော်တော်လေးကို စိုးရိမ်နေပါတယ်။ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေ များလာတာ၊ စီးပွား ရေး မတည်ငြိမ်တာ၊ စားနပ်ရိက္ခာ ပြတ်လပ်မှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရတာတွေအပြင် နိုင်ငံ တွင်းမှာရော နယ်စပ်တွေကိုပါ စစ်ဘေးရှောင်နေရသူ ၅.၂ သန်းနီးပါး ရှိလာနေတာကို သူက ထောက်ပြ ပြောဆိုတာပါ” လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်တပ်က အရပ်သားတွေနေတဲ့နေရာတွေနဲ့ အဆောက်အအုံတွေကို လေကြောင်းကနေ ဆက် တိုက် ဗုံးကြဲတိုက်ခိုက်နေတာအပါအဝင် အကြမ်းဖက်မှုတွေ ပိုပြီးအရှိန်မြင့်လာနေတာကို ဂူတာရက်စ်က အလေးထားပြောဆိုခဲ့ပြီး အကြမ်းဖက်မှုမှန်သမျှကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ဆိုပါတယ်။

“ဘက်ပေါင်းစုံကနေ တာဝန်သိသိနဲ့ လုပ်ဆောင်ကြဖို့ တိုက်တွန်းရင်းနဲ့ပဲ ကုလသမဂ္ဂအတွင်းရေး မှူးချုပ်က အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့၊ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတွေနဲ့ လူ သားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို လိုက်နာကြဖို့ တောင်းဆိုထားပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကနေ လူသားချင်းစာနာမှု အကူအညီတွေကို ဘေးကင်းကင်းနဲ့ အနှောင့်အ ယှက်မရှိ၊ ရေရှည်ပေးနိုင်ဖို့အတွက် လမ်းဖွင့်ပေးကြဖို့ကိုလည်း သူက ပြောသွားပါတယ်” လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

“သူဟာ မြန်မာပြည်သူတွေနဲ့အတူ တစ်သားတည်း ရှိနေပါတယ်၊ အားလုံးပါဝင်နိုင်ပြီး ငြိမ်းချမ်းတ ရားမျှတတဲ့ လူ့အဖွဲ့အစည်းဖြစ်လာဖို့ ပြည်သူတွေရဲ့ ဒီမိုကရေစီ တောင်းဆိုချက်တွေကိုလည်း အမြဲအား ပေးနေပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာ မွတ်စလင်တွေအပါအဝင် လူ့အဖွဲ့အစည်းအားလုံးကို ကာကွယ်ပေးဖို့ လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။

သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးခံထားရသူ အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ၎င်းက တောင်းဆိုခဲ့ပြီး မြန်မာပြည်သူတွေကိုယ် တိုင်ဦးဆောင်တဲ့ အဖြေတစ်ခု ပေါ်ထွက်လာဖို့အတွက် ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်း က ညီညီညွတ်ညွတ်နဲ့ ရေရှည်လက်တွဲ ကူညီဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ကိုးကား – Anadolu
Ref; UN chief marks 5 years since Myanmar military takeover, warns of deepening crisis