ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၃၁ ရက်
ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေများတွင် ပြီးခဲ့သည့် ၂၀၂၅ တစ်နှစ်တာအတွင်း အာဏာ သိမ်းစစ်ကော်မရှင်တပ်ဖွဲ့များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲပေါင်း ၂၃၀၅ ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNU ထုတ်ပြန်ချက်အရ သိရသည်။
ထိတွေ့တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဘက်မှ တပ်ရင်းမှူး နှစ် ဦး၊ ဒု-တပ်ရင်းမှူးနှစ် ဦး၊ G-3 တစ်ဦး၊ တပ်ခွဲမှူး သုံး ဦးအပါအဝင် ၁၉၇၄ ဦး သေဆုံးခဲ့ပြီး တပ်ရင်းမှူး ၂ ဦး အပါအဝင် ၁၆၅၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ထို့ပြင် စစ်ကော်မရှင်တပ်ဖွဲ့များ ကျူးကျော်တပ်စွဲထားသည့် တပ်စခန်း ၁၇ ခုကိုလည်း ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲများအတွင်း စစ်တပ်၏ ထောက်ပို့ယာဉ် ၄၂ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကော်မရှင်တပ်ဖွဲ့ဘက်မှ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မစုဆောင်းထားသည့် တပ်သား သစ် ၂၁၄ ဦးမှာလည်း လက်နက်ချ အလင်းဝင်လာခဲ့ကြောင်းသိရသည်။
တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် သေဆုံးမှုအများအပြားရှိသော်လည်း KNLA ၊ ကရင် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲဘော် ၁၀၈ ဦး ကျဆုံးခဲ့ရပြီး ရဲဘော် ၃၈၀ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
လက်ရှိ ၂၀၂၆ နှစ်စပိုင်းတွင်လည်း KNU နယ်မြေများတွင် မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကော်မရှင်တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ – KNU