ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၂၉ ရက်
ပန်းတောင်းမြို့နယ်ရှိ စစ်ကော်မရှင်၏ ကပစ ၁၆ ကာကင်းစခန်းကုန်း ပွိုင့် ၆၆၆ စခန်းကုန်းကို AA က သိမ်းပိုက်လိုက်ကြောင်း သိရသည်။
အင်အားဆက်တိုက်ဖြည့်တင်းနေပြီး လက်နက်ကြီးများ အထိုင်ချထားသည့် ပွိုင့် ၆၆၆ စခန်းကုန်းကို ယမန်နေ့ ဇန်နဝါရီ ၂၈ က AA နှင့် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
“တိုက်ပွဲက ဆက်တိုက်ဖြစ်နေတာ။ လေကြောင်းကလည်း ကြဲတာမနားဘူး။ စခန်းကုန်းကို ကပ်လာကတည်းက သူတို့စခန်းပေါ်ကိုပါ ဗုံးကြဲချတာ။ စခန်းကုန်းရပါပြီ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာက အဆိုပါစခန်းကုန်းကို AA မှ သိမ်းယူခဲ့ပြီး လေကြောင်းအလွန်ကျွံ တိုက်ခိုက်မှုများကြောင့် စခန်းမှ ပြန်လည်ဆုတ်ခွာပေးခဲ့ခြင်းဖြစ်သည်။
စစ်ကော်မရှင်က စခန်းကုန်းအတွင်း ပြန်လည်ဝင်ရောက်နေရာယူပြီး လက်နက်ကြီးများ အထိုင်ချခဲ့သော်လည်း AA က ထောက်ပို့ရေးလမ်းကြောင်းများ ပိတ်ဆို့ထားသည့်အတွက် ဒရုန်းများဖြင့် ရိက္ခာပို့ခဲ့ရပြီး စစ်ကူစစ်ကြောင်းများကို AA က ကြားဖြတ်တိုက်ခိုက်ခဲ့သည့်အတွက် စခန်းကုန်းအတွင်း စစ်ကော်မရှင် ရာနှင့်ချီပိတ်မိနေခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ်မြောက် စခန်းသိမ်းခံရပြီးနောက် စစ်ကော်မရှင်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူနှင့် ဒရုန်းဗုံးများဖြင့် အပြင်းအထန်တိုက်ခိုက်လာသည့်အတွက် တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိသည်။
စစ်ကော်မရှင်သည် AA နှင့် မြို့နယ် သုံးမြို့နယ်ထက်မနည်းတွင် တိုက်ပွဲရင်ဆိုင်နေရပြီး စစ်အင်အားပြုန်းတီးလျက်ရှိကာ ယခုသိမ်းခံရသည့် ပွိုင့် ၆၆၆ စခန်းမှ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များမှာ ရိက္ခာပြတ်လပ်လျက် ထွက်ပြေးသူများပင်ရှိကြောင်း သိရသည်။
ဓာတ်ပုံ- ပုံဟောင်းဖြစ်သည်။