ဧရာဝတီတိုင်းမ်
‎ဇန်နဝါရီ ၈ ရက်
‎‎

ကျောက်ဖြူရှိ ရေတပ်ဌာနချုပ်အပါအဝင် စစ်တပ်စခန်းများကို AAကတိုက်ခိုက်လျက်ရှိပြီး ဓညဝတီရေတပ်ဌာနချုပ်မှ ထွက်လာသည့် စစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်ခိုက်လိုက်ကြောင်း သိရသည်။
‎‎

အင်အား ၁၀၀ ခန့်ပါ စစ်ကော်မရှင်စစ်ကြောင်းတစ်ခု ဓညဝတီရေတပ်ဌာနချုပ်မှထွက်အလာ ဦးကင်းကျေးရွာအနီးတွင် AA၏ ကြားဖြတ်တိုက်ခိုက်မှုကို ခံရပြီး စစ်ကော်မရှင် ဗိုလ်တစ်ဦးအပါအဝင် စစ်ကြောင်းအတွင်း ထိခိုက်ဒဏ်ရာရရှိသူများကြောင်း သိရသည်။
‎‎

“ရန်ကုန်ကနေစစ်ကူပို့ထားတဲ့တပ်တွေကို သစ်ပုတ်တောင်တပ်ထဲစုထားတာရှိတယ်။ အဲဒီ့အင်အားတွေက စစ်ကြောင်းထိုးဖို့ထွက်လာတာ။ နေရာတင်သေဆုံးတာ ၁၀ယောက်ကျော်တယ်ပြောကြတယ်။ စစ်ကြောင်းတော့ ပျက်သွားတယ်” ဟု ကျောက်ဖြူ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။


တိုက်ပွဲဖြစ်ပွားရာနေရာကို စစ်ကော်မရှင်က လေကြောင်းမှ နေ၍ ပေါင် ၅၀၀ဗုံး၊ ပေါင် ၂၀၀ဗုံးများကြဲချတိုက်ခိုက်သည့်အပြင် ရေတပ်ဌာနချုပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

AAတပ်များမှာ စစ်ကော်မရှင် တပ်စခန်းများကို စစ်ကြောင်းထိုးတိုက်ခိုက်ခြင်း၊ ကြားဖြတ်တိုက်ခိုက်ခြင်းများပြုလုပ်လာရာ စစ်ကော်မရှင်တပ်များ အထိနာပြီး မြို့အနီးထိ တပ်ဆုတ်လာရကြောင်း သိရသည်။

ဓညဝတီရေတပ်နှင့် အမှတ် ၃၂ရဲတပ်ရင်းတို့ကိုလည်း လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ထားရာ အရာရှိများအပါအဝင် သေဆုံးထိခိုက်သူများကြောင်း ဒေသတွင်းသတင်းဖော်ပြချက်များအရ သိရသည်။

ကျောက်ဖြူတွင် AAထိုးစစ်အရှိန်မြှင့်လိုက်ပြီးနောက် စစ်ကော်မရှင်တပ်များ ဆက်တိုက် တပ်ဆုတ်နေရကာ မြို့နှင့်နီးကပ်လာသည့် AAတပ်ဖွဲ့များ မြို့အတွင်းမဝင်နိုင်ရန် စစ်ကြောင်းများစေလွှတ်ပြီး ခုခံကာကွယ်ရန်ကြိုးစားနေကြောင်း သိရသည်။