ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၄ ရက်

‎စစ်ကော်မရှင် က (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၆,၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုရာတွင် စစ်ခုံရုံးဖြင့် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရသည့် မော်ဒယ် နန်းမွေစံလည်း ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

 

မော်ဒယ် နန်းမွေစံနှင့် သရုပ်ဆောင် သင်ဇာဝင့်ကျော်တို့ကို ‎ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းက အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) ဖြင့် စစ်ကောင်စီက အမှုဖွင့် အရေးယူခဲ့ခြင်းဖြစ်သည်။

မော်ဒယ် နန်းမွေစံသည် စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူဖြစ်သဖြင့် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် စစ်ခုံရုံးက ၎င်းကို ထောင်ဒဏ် ၆ နှစ် အမိန့်ချမှတ်ခဲ့ပြီး အင်းစိန်ထောင်တွင် အကျဉ်းချထားခဲ့ခြင်း ဖြစ်သည်။

 

စစ်အုပ်စုက မော်ဒယ်နန်းမွေ့စံကို အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေသည့် ရုပ်သံများ ရိုက်ကူးဖြန့်ဝေ သည်ဟုဆိုကာ ပုဒ်မ ၃၃ (က) ဖြင့် စွပ်စွဲဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၃ နှစ်ကျော်ကြာ အကျဉ်းကျခံခဲ့ရပြီးနောက် လွတ်မြောက် လာခြင်း ဖြစ်သည်။

 

စစ်ကော်မရှင်၏ ယနေ့ထုတ်ပြန်ချက်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် မတရားအသင်းအက် ဥပဒေတို့ဖြင့် ထောင်ကျနေသည့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းမရှိသော်လည်း မော်ဒယ် နန်းမွေစံ အရေးယူခံထားရသည့် အီလက်ထရောနစ်ဥပဒေမှာမူ လွတ်ငြိမ်းခွင့်ပေးသည့်စာရင်းတွင် ပါဝင်နေခြင်းကြောင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

ပုံစာ-နန်းမွေ့စံ