
မအူပင်မြို့တွင် သက်သာချောင်ချိရေး ရောင်းချသည့် စစ်ကောင်စီတပ် ဆန်အိတ်များ အခိုးခံရလို့ ပျောက်ဆုံး
အောင်မြသန်း/ဧရာဝတီတိုင်းမ်
(မအူပင်)၊ စက်တင်ဘာလ ၇ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ သက်သာချောင်ချိရေးခေါင်းစဉ်နဲ့ စစ်ကောင်စီတပ်က ဒေသခံ ပြည်သူတွေကို ဆန်အိတ်လိုက်လံရောင်းချချိန်မှာ အခိုးခံရလို့ ဆန်အိတ်ပျောက်ဆုံးတာတွေရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေသခံပြည်သူတွေကို ရောင်းချဖို့ဆန်အိတ်တွေကို လုပ်ငန်းရှင်တွေကို ဖိအားပေးပြီး ထုတ်ခိုင်းတာဖြစ်သလို တကယ်ရောင်းချချိန်မှာ လုပ်ငန်းရှင်တွေထုတ်ပေးထားတဲ့ ဆန်အိတ်တချို့ပျောက်ဆုံးသွားတာလို့ ဒေသခံတွေ ကပြောပါတယ်။
“ သူတို့က ဖိအားပေးပြီး လုပ်ငန်းရှင်တွေဆီကနေ ခွဲတမ်းနဲ့ ဆန်အိတ်တွေထုတ်ခိုင်းတာ ငြင်းမရလို့ ထုတ်ပေးလိုက်တဲ့ ဆန်အိတ်တွေထဲက တချို့က တကယ်ရောင်းဖို့အချိန်မှာ ပျောက်သွားတာ အဲ့တော့ လုပ်ငန်းရှင်တွေက ပြန်ပေးရတာပေါ့”လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီက သက်သာချောင်ချိရေးခေါင်းစဉ်နဲ့ စက်တင်ဘာလ ၅ ရက်နေ့က မြို့ဦးပေါ်တော်မူဘုရားနားမှာ စစ်သား၊ ထွေအုပ်၊ စည်ပင်နဲ့ ရဲဝန်ထမ်းမိန်းမတွေရောင်းချပေးတဲ့နေရာမှာ ဆန်အိတ်တွေပျောက်ဆုံးသွားတာ လို့ ဆိုပါတယ်။
ဆန်အိတ်တွေပျောက်ဆုံးသွားတာကြောင့် လုပ်ငန်းရှင်တွေကို ဖိအားပေးပြန်ဖြည့်ခိုင်းတာတွေပြုလုပ်ခဲ့ပေမယ့် ပျောက်ဆုံးသွားတဲ့ ဆန်အိတ်အရေအတွက်ကိုတော့ အတည်ကျမသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေကို ရောင်းချပေးတဲ့နေရာမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံဝန်ထမ်းတွေပဲရှိတာကြောင့် ပျောက်ဆုံးမှုဟာ သူတို့နဲ့သာသက်ဆိုင်လေ့မယ်လို့ ဒေသခံတချို့က ဆိုပါတယ်။
စစ်ကောင်စီတပ်က မြို့နယ်အများစုမှာ သက်သာချောင်ချိရေခေါင်းစဉ်နဲ့ ဒေသခံပြည်သူတွေကို ဆန်၊ ဆီ နဲ့ အခြေခံစားသုံးပစ္စည်းတွေကိုရောင်းချပေးနေတာ သူတို့အိတ်ထဲကစိုက်ထုတ်ရောင်းပေးတာမျိုးမဟုတ်ဘဲ လုပ်ငန်းရှင်တွေနဲ့ မြို့ကစီးပွားရေးပြေလည်သူတွေကို အတင်းဖိအားပေးရောင်းချခိုင်းတာမျိုးလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
#Ayeyarwaddy_Times



