ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၄ ရက်

ယနေ့ ဇန်နဝါရီ ၄ ရက်နေ့တွင်ကျရောက်သည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၆,၁၃၄ ဦးကို “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(စစ်ကောင်စီ)က လွတ်ငြိမ်း ခွင့်ပြုလိုက်သော်လည်း တော်လှန်ရေးနှင့် ဆက်နွှယ်သည့် နိုင်ငံရေးအကျဉ်းသားများမှာမူ ယင်းလွတ်ငြိမ်းခွင့်တွင် ပါဝင်လာနိုင်ခြင်း မရှိကြောင်း သိရသည်။

စစ်ကောင်စီ၏ လွတ်ငြိမ်းသက်သာခွင့်သည် အကျဉ်းသားအားလုံးကို လွှတ်ပေးခြင်းမဟုတ်ဘဲ လူသတ်မှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးဝါး၊ အဂတိလိုက်စားမှု၊ လက်နက်ဥပဒေနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေတို့ဖြင့် ပြစ်ဒဏ်ကျခံနေရသူများမှာမူ လွတ်ငြိမ်းသက်သာခွင့်တွင် အကျုံးမဝင် ကြောင်း သိရသည်။

အထူးသဖြင့် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားအများစုမှာ ၅၀၅-က ကဲ့သို့သော ပုဒ်မများအပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများဖြင့်ပါ ပြစ်ဒဏ်ချမှတ်ခံ ထားရသဖြင့် ယခုသက်သာခွင့်တွင် ပါဝင်လာခြင်း မရှိပေ။

ထို့ပြင် ယခုလွတ်ငြိမ်းခွင့်တွင် မပါဝင်ဘဲ ထောင်ထဲတွင် ကျန်ရှိနေဦးမည့် အကျဉ်းသားများအနက် လူသတ်မှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးဝါး၊ အဂတိလိုက်စားမှု၊ လက်နက်ဥပဒေနှင့် အကြမ်းဖက် မှုတိုက်ဖျက်ရေး ဥပဒေတို့ဖြင့် ထောင်ကျနေသူများမှအပ ကျန်အကျဉ်းသားများကိုလည်း ၎င်းတို့ ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်၏ ၆ ပုံ ၁ ပုံကို လျှော့ပေါ့ပေးရန် စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားသည်။

အလားတူ နိုင်ငံခြားသားအကျဉ်းသား ၅၂ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒဏ်ပေး ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် နိုင်ငံတကာ၏ ဖိအားများကို လျှော့ချရန်အတွက် လွတ်လပ်ရေးနေ့တွင် အကျဉ်းသား ထောင်နှင့်ချီ လွှတ်ပေးနေသော်လည်း အမှန်တကယ် လွှတ်ပေးသင့်သည့် တော်လှန်ရေးအင်အားစု များနှင့် နိုင်ငံရေး သမားများကိုမူ ဆက်လက်ချုပ်နှောင်ထားဆဲဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက် များအရ သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်

ပုံစာ- လွတ်ငြိမ်းခွင့်ရသူများကို အင်းစိန်ထောင်ရှေ့တွင် လာရောက်ကြိုဆိုနေသည့် မိသားစုဝင်များကို တွေ့ရစဉ်။