ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃၀ ရက်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် မဲရုံစောင့်ရန် ရောက်ရှိနေသည့် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များနှင့် ရဲများကို ရပ်ကွက်နေ ဘေးတွဲဆိုင်ကယ် ကယ်ရီသမားများက ညအိပ်ကင်းစောင့်၍ လုံခြုံရေးယူပေးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကော်မရှင်က ပြုလုပ်သည့် ရွေးကောက်ပွဲကာလအတွင်း ဒဂုံမြို့သစ်တောင်ပိုင်း၊ ၂၆ ရပ်ကွက်ရှိ မဲရုံများတွင် လုံခြုံရေးယူထားသည့် စစ်သားနှင့် ရဲများအတွက် ရပ်ကွက်အတွင်းရှိ ဘေးတွဲယာဉ်မောင်း များကို ဖိအားပေးစေခိုင်းကာ ကင်းစောင့်ခိုင်းခဲ့ခြင်း ဖြစ်သည်။

“မဲရုံစောင့်မယ့် ရဲနဲ့ စစ်သားတွေကို ကင်းစောင့်ပေးရမယ်ဆိုပြီး တစ်ညကို လေးယောက်နှုန်းနဲ့ အိပ်ရေးပျက်ခံ စောင့်ပေးခဲ့ရတာ။ သူတို့တွေက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေထဲမှာ တံခါးပိတ်အိပ်ကြတာ။ စောင့်ရတဲ့ ဘေးတွဲသမားတွေက လမ်းပေါ်မှာ ဘေးတွဲရပ်ပြီး အပေါ်မှာ ထိုင်စောင့်ပေးရတယ်။ မနက် ၆ နာရီကနေ ည ၆ နာရီအထိ တစ်လှည့်စီပဲ။ ‘ပြန်လို့မရဘူးနော်’ ဆိုပြီးတော့လည်း ခြိမ်းခြောက်သေးတယ်” ဟု ၂၆ ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါ ကင်းစောင့်ခိုင်းမှုကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၆ ရက်နေ့ကတည်းက စတင်ခိုင်းစေခဲ့ခြင်းဖြစ်ပြီး ဘေးတွဲယာဉ်မောင်းများမှာ ၎င်းတို့၏ လုပ်ငန်းခွင်ဝင်ရမည့် အချိန်များကိုပါ ဖယ်ပေးကာ ကင်းစောင့်ခဲ့ရခြင်း ဖြစ်သည်။

ရွေးကောက်ပွဲပြုလုပ်ခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်တွင် ဒဂုံတောင်မြို့နယ်အတွင်းရှိ မဲရုံများ၌ မဲလာပေးသူ အလွန်နည်းပါးခဲ့ပြီး မဲရုံများတွင် အစောင့်အဖြစ် ချထားသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ၊ ရဲများ၊ ပျူစောထီးနှင့် ပြည်သူ့စစ်များသာ အများစု ရှိနေခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ပုံစာ-ရန်ကုန်တွင် ဘေးတွဲ ဆိုင်ကယ်များကို ဖမ်းဆီးနေသည့် စစ်တပ်နှင့်ရဲများ။ (ပုံဟောင်း)