ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၆ ရက်

 

စစ်ကော်မရှင်လက်အောက်ခံ စစ်လော်ဘီများနှင့် စစ်တပ်ထောက်ခံသူများ ဝါဒဖြန့်ရာတွင် အဓိက အသုံးပြုနေသည့် TikTok လူမှုကွန်ရက်က MWD News (မြဝတီသတင်း) စာမျက်နှာကို ယနေ့ ဒီဇင်ဘာ ၂၆ ရက်တွင် ဖယ်ရှားပိတ်သိမ်းလိုက်ကြောင်း သိရသည်။

 

စစ်အုပ်စု၏ ဝါဒဖြန့်မှုများကို အဓိကလုပ်ဆောင်နေသည့် MWD (မြဝတီ) ရုပ်သံလွှင့်လုပ်ငန်းကို စစ်တပ်၏ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးက တိုက်ရိုက် ကြီးကြပ်နေခြင်း ဖြစ်သည်။

ယခုကဲ့သို့ အကောင့်ပိတ်သိမ်းခံရခြင်းမှာ စစ်တပ်၏ ဝါဒဖြန့်မှုများအပေါ် သိသာထင်ရှားသည့် အရေးယူမှုတစ်ခုဖြစ်ကြောင်း Justice for Myanmar (JFM) အဖွဲ့က ထုတ်ပြန်ထားသည်။

 

JFM အနေဖြင့် TikTok ပလက်ဖောင်းသည် စစ်အုပ်စုအတွက် ဝန်ဆောင်မှုများ ပေးအပ်နေခြင်းရှိ၊ မရှိနှင့် လူ့အခွင့်အရေးဆိုင်ရာ လိုက်နာမှုများအပေါ် မေးခွန်းထုတ် ထောက်ပြခဲ့ပြီးနောက် TikTok ကုမ္ပဏီဘက်က MWD News အကောင့်ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် TikTok ပလက်ဖောင်းပေါ်ရှိ စစ်ကော်မရှင်လက်အောက်ခံ အခြားသော ဝါဒဖြန့်အကောင့်များ ကိုလည်း ဆက်လက်ပိတ်သိမ်းပေးရန် JFM က တောင်းဆိုထားသည်။