ဧရာ၀တီတိုင်းမ်
ဒီဇင်ဘာ ၂၅ ရက်

 

အမေရိကန်သမ္မတအိမ်တော် (The White House) က ယခုနှစ် ခရစ္စမတ်ကာလတွင် အမေရိကန် ပြည်သူများအတွက် လက်ဆောင်အဖြစ် ၄.၃ ရာခိုင်နှုန်းသော စီးပွားရေးတိုးတက်မှု ရှိကြောင်း သမ္မတ ဒေါ်နယ်ထရမ့်၏ ပုံရိပ်ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

 

အိမ်ဖြူတော်၏ လူမှုကွန်ရက်စာမျက်နှာတွင် “အမေရိကန်ပြည်သူအားလုံးအတွက် ခရစ္စမတ်သည် စောစီးစွာရောက်ရှိလာပါပြီ” ဟု ရေးသားထားပြီး သမ္မတထရမ့်က စီးပွားရေးတိုးတက်မှုကိန်းဂဏန်းကို ကိုင်ဆောင်ထားသည့် ပန်းချီပုံရိပ်ကို အသုံးပြုကာ အောင်ပွဲခံခဲ့ခြင်းဖြစ်သည်။

 

အချို့သော အမေရိကန်ပြည်သူများက သမ္မတထရမ့်ကို “ဒီခရစ္စမတ်ရဲ့ တကယ့် စန်တာကလော့စ် ” ဟု တင်စားကာ ကြိုဆိုကြသော်လည်း အချို့ကမူ အိမ်ဖြူတော်၏ ပို့စ်သည် ကလေးကလားဆန်သည့် ဟာသပုံများကဲ့သို့ ဖြစ်နေကြောင်း ဝေဖန်ကြသည်။

“လူတိုင်းကို ပျော်ရွှင်စရာခရစ္စမတ် လို့ပဲ ဆုတောင်းပေးရုံနဲ့ မရဘူးလား၊ ကိုယ့်ကိုယ်ကိုယ် ကြော်ငြာ နေတာမျိုး မလုပ်ဘဲ ခရစ္စမတ်ရဲ့ အနှစ်သာရကိုပဲ ခံစားစေချင်တယ်” ဟု ပြည်သူတစ်ဦးက မှတ်ချက် ပေးထားသည်။

 

၄.၃ ရာခိုင်နှုန်း GDP တိုးတက်မှုသည် ဖွံ့ဖြိုးပြီးနိုင်ငံကြီးတစ်ခုအတွက် အလွန်မြင့်မားသည့် ကိန်းဂဏန်း ဖြစ်ပြီး အလုပ်လက်မဲ့နှုန်း လျော့ကျကာ အမေရိကန်စတော့ဈေးကွက် စံချိန်တင် မြင့်တက်မှုများ ရှိခဲ့သည်။

 

သို့သော် ထရမ့်အစိုးရသည် အတိုက်အခံများနှင့် မီဒီယာများအပေါ် တိုက်ခိုက်ခြင်း၊ တရားစီရင်ရေး ကဏ္ဍတွင် ဩဇာလွှမ်းမိုးရန် ကြိုးပမ်းခြင်းတို့အပြင် တင်းကျပ်သော လူဝင်မှုကြီးကြပ်ရေး မူဝါဒများ ကြောင့် ရွှေ့ပြောင်းအခြေချသူ ထောင်ပေါင်းများစွာအပေါ် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ် စေခဲ့သည်။

 

ထို့ပြင် ယခုကဲ့သို့ GDP တက်လာသော်လည်း ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကြောင့် အခြေခံလူတန်းစား များမှာ စားဝတ်နေရေး ခက်ခဲနေဆဲဖြစ်ကြောင်း ထောက်ပြမှုများလည်း ရှိနေသည်။

 

အခြားစိတ်ဝင်စားဖွယ် မှတ်ချက်တစ်ခုမှာ အမေရိကန် GDP တိုးတက်မှုသည် အစိုးရ၏ မူဝါဒကြောင့် သာမဟုတ်ဘဲ ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဖ် ၏ Eras Tour ကြောင့်လည်း ပါဝင်နေသည်ဟု ဆိုထားသည်။

 

တေလာဆွစ်ဖ်၏ နယ်လှည့်ဖျော်ဖြေပွဲသည် လက်မှတ်ရောင်းရငွေ ဒေါ်လာ ၂ ဘီလီယံကျော်ဖြင့် စံချိန်တင်ခဲ့ပြီး ပရိသတ်များ၏ ဟိုတယ်၊ အစားအသောက်နှင့် သယ်ယူပို့ဆောင်ရေး သုံးစွဲမှုများကြောင့် အမေရိကန် GDP ကို ဒေါ်လာ ၄.၃ ဘီလီယံအထိ အကျိုးပြုခဲ့သည်ဟု ခန့်မှန်းထားသည်။