ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၉ ရက်

 

ကမ္ဘာ့တွင်ဘိန်းစိုက်ပျိုးမှုထိပ်ဆုံးရောက်နေသော မြန်မာနိုင်ငံသည် စစ်တပ်အာဏာသိမ်းထားသော ၂၀၂၁ မှ၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအမှုပေါင်း ၃၀,၄၂၀ မှုနှင့် တရားခံပေါင်း ၄၂,၇၅၉ ဦးကို ဖမ်းဆီးထားကြောင်း စစ်ကော်မရှင်ထံမှ သိရသည်။

 

စစ်ကော်မရှင်နှင့် တရုတ်နိုင်ငံတို့သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်နေ့က ရှမ်းပြည် နယ်၊ တောင်ကြီးမြို့တွင် အကြိမ် (၂၀) မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်း ထိန်းချုပ်ရေး အစည်းအဝေးကို ကျင်းပခဲ့သည်။

 

ယခု ၅ နှစ်အတွင်း မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၃၀၄၂၀ အမှု၊ တရားခံပေါင်း ၄၂၇၅၉ ဦး၊ ဘိန်း ၇ ဒသမ ၂ တန်ကျော်၊ ဘိန်းဖြူ ၉ ဒသမ ၄ တန်ကျော်၊ ဆေးခြာက် ၄ တန်ကျော်ရှိကြောင်း စစ်ကော်မ ရှင်ထံမှ သိရသည်။

ထို့ပြင် စိတ်ကြွရူးသွပ်ဆေးပြား ၁၁၃၈ သန်းကျော်၊ အိုက်စ် ၁၀၇ တန်ကျော်၊ ကက်တမင်း ၂၂ ဒသမ ၂ တန်ကျော် Happy Water ၈၆၆ ကီလိုကျော်၊ အက်တက်စီဆေးပြား ၁ ဒသမ ၁၇ သန်းခန့်၊ ကဖင်း ၈၉ ဒသမ ၆ တန်ကျော် နှင့် အခြားထိန်းချုပ်ဓာတုပစ္စည်းများစုစုပေါင်း တန်ဖိုး ငွေကျပ် ၅၅၇၀ ဒသမ ၇ ဘီလီယံကျော် ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း စစ်‌ကော်မရှင်က ဆိုထားသည်။

 

မြန်မာ-တရုတ် မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးအစည်းအဝေး စစ်ကော်မရှင်လက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ဗိုလ်ချုပ်ဝင်းဗိုလ်က လက်ရှိတွင် မူးယစ်ဆေးဝါး ဈေးကွက် ကျယ်ပြန့်လာခြင်းနှင့်အတူ အဂတိလိုက်စားမှု ငွေကြေးခဝါချမှု၊ အကြမ်း ဖက်တိုက်ခိုက်မှုအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများဆက်စပ်ဖြစ်ပေါ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

 

ထို့ပြင် စစ်ကော်မရှင်နှင့် တရုတ်နိုင်ငံတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအပါအဝင် ဓာတုပစ္စည်းများထိန်းချုပ်ရေး နှစ်နိုင်ငံမူးယစ်တရားခံပြေးများဖမ်းဆီးရမိရေးနှင့် နိုင်ငံဖြတ်ကျော် မူးယစ်ဂိုဏ်းအဖွဲ့များဖမ်းဆီးရေး နှစ်နိုင်ငံသတင်းဖလှယ်ခြင်းတို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း စစ်ကော်မရှင်က ဆိုသည်။

တရုတ်နိုင်ငံ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. ZHAO Zhongchen က တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့တင်သွင်းမည့် ဓာတုပစ္စည်းများကို သေချာစွာစိစစ်လျက်ရှိကြောင်း ပြောကြားထားသည်။

 

မြန်မာနိုင်ငံသည် ကမ္ဘာ့ထိပ်တန်းဘိန်းစိုက်ပျိုးထုတ်လုပ်သူများထဲတွင်ပါဝင်ပြီး ၂၀၂၁ ခုနှစ် စစ်တပ် အာဏာ သိမ်းပြီးနောက်ပိုင်းတွင်ပိုများလာကြောင်း ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး ( UNODC) က အစီရင်ခံစာတွင်ဖော်ပြထားသည်။

 

ထို့ပြင်ဆယ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံ၏ဘိန်းစိုက်ပျိုးမှုကစံချိန်တင်အမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီး ကမ္ဘာ့ ဘိန်းစိုက်ပျိုးမှု နံပါတ် (၁) နိုင်ငံအဖြစ်ဆက်လက်တည်ရှိနေကြောင်း ယင်းအစီရင်ခံစာတွင် ပါဝင်သည်။

 

မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှု ၅၃၁၀၀ ဟက်တာအထိ ရှိလာပြီး ၂၀၂၄ ခုနှစ်ကထက် ၁၇ ရာခိုင်နှုန်း မြင့်တက်လာကြောင်း UNODC ၂၀၂၅ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဓာတ်ပုံ – MOI