ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၆ ရက်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ KK Park နယ်မြေအတွင်းရှိ စစ်ကောင်စီ ဟန်ပြဖျက်ဆီးထားသော ကျားဖြန့် (အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ) အခြေချရာ တရားမဝင် အဆောက် အဦများ ဖြိုချမှုကို တရုတ်၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံကိုယ်စားလှယ်အဖွဲ့က သွားရောက် ကြည့်ရှုခဲ့သည်။
အဆိုပါသုံးနိုင်ငံကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက်နေ့က KK Park နယ်မြေအတွင်းရှိ ကျားဖြန့်နေရာများကို လိုက်လံကြည့်ရှု၍ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆွေးနွေးခဲ့ကြောင်း သိရသည်။

အဖွဲ့တွင် စစ်ကောင်စီ၏ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီ အပါအဝင်၊ တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၊ လက်ထောက် ဝန်ကြီး Mr. Liu Zhong Yi နှင့် ထိုင်းနိုင်ငံရဲတပ်ဖွဲ့၊ လက်ထောက်ရဲချုပ် Pol Lt Gen Jirabhop Bhuridej တို့ ပါဝင်သည်။
သုံးနိုင်ငံအဖွဲ့သည် စစ်ကောင်စီဟန်ပြ ဖြိုဖျက်ထားသော ကရင်ပြည်နယ် မြဝတီမြို့ရှိ ရွှေကုက္ကိုလ်၊ မဲ့ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများရှိ ကျားဖြန့်လုပ်ငန်းများ အခြေတည်ရာ အဆောက်အအုံများကို ကြည့်ရှုခဲ့ကြသည်။
ထို့ပြင် မြဝတီမြို့ရှိ နယ်ခြားစောင့်တပ် (BGF)လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး၊ ကွပ်ကဲရေးရုံးသို့ ရောက်ရှိပြီး ယင်းနေရာတွင် ထိန်းသိမ်းထားရှိသည့် တရုတ်နိုင်ငံသားများကိုလည်း ကြည့်ရှုခဲ့ကြောင်း သိရသည်။

“Myanmar-China-Thailand Tri-lateral meeting for Combating Telecom Fraud and Online Gambling” ခေါင်းစဉ်ဖြင့် ပြုလုပ်သော ညှိနှိုင်းအစည်းအဝေးတွင် မြဝတီဒေသရှိ ကျားဖြန့်များ ကင်းစင်ပပျောက်ရန် ရှင်းလင်းဆောင်ရွက်ရေး နှင့် ဆက်စပ်ပတ်သက်သူများကို သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးအပ်ရန် တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်သည် အနေဖြင့် ဒီဇင်ဘာ ၈ ရက်နေ့မှစတင်ကာ မြဝတီမြို့ထဲရှိ ကျားဖြန့် စင်တာများ ကိုလည်း ရှာဖွေဖော်ထုတ်နေကြောင်း ထုတ်ပြန်ထားသည်။
ယခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၃,၆၆၇ ဦး အနက်စစ်ဆေးပြီး ၁၁,၇၄၀ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့်ပြန်လည်ပို့ဆောင်ထားပြီး ပြည်ပနိုင်ငံသား ၁,၉၂၇ ဦးကျန်ရှိနေကြောင်းသိရသည်။
မြန်မာ – ထိုင်းနယ်စပ် မြဝတီမြို့တောင်ဘက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ကြီးကြပ် နေသည့် မင်းလက်ပံဒေသရှိ အွန်လိုင်းလိမ်လည်မှုလောင်းကစားခြံဝင်းသည် ကျားဖြန့်တွင် ပါဝင် ပတ်သက်နေသူများအတွက် သက်သေအနေဖြင့် ရှိနေဆဲ ဖြစ်သည်။
ဓာတ်ပုံ – စစ်ကော်မရှင်