ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၅ ရက်

သမ္မတရွေးချယ်ရေးအဖွဲ့က အဆင့်ဆင့်မဲပေးရွေးချယ်ခဲ့လျှင် စစ်ခေါင်းဆောင်က သမ္မတလုပ်လာနိုင်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဒီဇင်ဘာ ၁၄ ရက်နေ့က ရန်ကုန်တွင်ပြုလုပ်သည့် ကျားဖြန့်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲ၌ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာများကို ပြောဆိုခဲ့ခြင်းဖြစ်သည်။

“သမ္မတရွေးချယ်ရေးအဖွဲ့ကနေ ရွေးချယ်လိုက်ပြီးတော့မှ သူကအဆင့်ဆင့်မဲပေးရွေးချယ်ရတာဖြစ်တယ်။ မဲပေးပြီး ဖြစ်လာရင်တော့လည်း သမ္မတလုပ်နိုင်ပါတယ်။ ဥပဒေအရ အကျုံးဝင်ရင် လုပ်နိုင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီပဲ ဖြစ်ပါလိမ့်မယ်လို့ ပြောချင်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ယခုလာမည့် ‌ဒီဇင်ဘာ ၂၈ ရက်နေ့တွင် အာဏာသိမ်းစစ်တပ်က ဦးဆောင်ကျင်းပမည့် အတုအယောင်ရွေး ကောက်ပွဲ စတင်တော့မည်ဖြစ်ပြီး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများနှင့် လူပုဂ္ဂိုလ်များကို စစ်ခေါင်းဆောင်အလိုကျ ရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီးဖြစ်သည်။

စစ်ခေါင်းဆောင်စီမံသည့် ရွေးကောက်ပွဲဖြစ်သည့် အတွက် နိုင်ငံကို ပါတီနိုင်ငံရေး ပုံဖော်သည့်အခါတွင်လည်း စစ်ဖက်မှအရာရှိများ ဝင်ရောက်ခြယ်လှယ်ခွင့်ရစေရန် ဝန်ကြီးချုပ်အပါအဝင် စစ်ဖက်မှ ထိပ်တန်းခေါင်းဆောင်များကို စစ်ခေါင်းဆောင်က ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ညွှန်ကြားထားသည်။

၎င်းကိုယ်တိုင်လည်း သမ္မတလုပ်ရန် အရည်အချင်းရှိသည်ဆိုသည့် စကားများကို မီဒီယာများနှင့် တွေ့ဆုံချိန်တွင် စစ်ခေါင်းဆောင်ဘက်က ထုတ်ဖော်ပြောဆိုမှုများရှိခဲ့သည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ အထိမခံဖြစ်နေသည့် စစ်ကော်မရှင်က ကျင်းပမည့်ရွေးကောက်ပွဲအပေါ် နိုင်ငံတကာ၏ ကျေနပ်ခြင်း၊ မကျေနပ်ခြင်းကို အရေးလုပ်သွားမည်မဟုတ်ကြောင်း တရားဝင်‌ထုတ်‌ဖော်ပြောဆိုသွားသည်။