ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၂ ရက်

 

ဗင်နီဇွဲလားအာဏာရှင်များ၏ တားမြစ်မှုများကြားမှနိုင်ငံတွင်းမှ တိတ်တဆိတ်ထွက်ခွာကာ နော်ဝေးနိုင်ငံ၊ အော်စလိုမြို့သို့ လာရောက်ခဲ့သည့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာချာဒိုက သူမ၏နိုဘယ်ဆုကို ဗင်နီဇွဲလားနိုင်ငံသို့ ပြန်လည်ယူဆောင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ကျင်းပသည့် ‌ ငြိမ်းချမ်းရေးနိုဘယ်ဆုပေးပွဲသို့ တက်ရောက်ရန် မာချာဒိုအနေဖြင့် နိုင်ငံမှလျှို့ဝှက်ထွက်ခွာခဲ့သော်လည်း အချိန်မီရောက်ရှိနိုင်ခြင်းမရှိသည့်အတွက် သမီးဖြစ်သူမှ ကိုယ်စားဆုလက်ခံရယူခဲ့ကြောင်း သိရသည်။

“ကျွန်မဒီဆုကို ဗင်နီဇွဲလားပြည်သူတွေကိုယ်စား လာယူတာဖြစ်တယ်။ မှန်ကန်တဲ့အခိုက်အတန့်ရောက်ရင်တော့ ဗင်နီဇွဲလားနိုင်ငံကို ပြန်ယူသွားမှာပါ” ဟု မာချာဒိုက နော်ဝေးနိုင်ငံသို့ရောက်ရှိပြီးချိန်တွင် ပြောဆိုခဲ့သည်။

 

ဗင်နီဇွဲလားအတိုက်အခိုက်အခံ ခေါင်းဆောင်မာချာဒိုကို ဗင်နီဇွဲလားအာဏာရှင်များက နိုင်ငံမှထွက်ခွာပါက ပြည်ဝင်ခွင့်ပိတ်ပင်မည်ဟု ခြိမ်းခြောက်ထားပြီး သူမသည်နိုင်ငံအတွင်းတွင်လည်း တစ်နှစ်ကျော်ကြာပုန်းအောင်းကာ နေထိုင်နေရသူဖြစ်သည်။

 

မာချာဒိုသည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို ထောက်ခံသူဖြစ်ပြီး သူမ၏နိုဘယ်ဆုကိုလည်း သမ္မတထရမ့်ထံ တစ်စိတ်တစ်ပိုင်း ပေးအပ်သည်ဟု ပြောဆိုခဲ့သူဖြစ်ပြီး အမေရိကန်၏လုပ်ရပ်များကြောင့် လက်ရှိဗင်နီဇွဲလားအာဏာရှင်အစိုးရအနေဖြင့် အားနည်းသည့် အခြေအနေရောက်နေပြီ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။

 

ထို့ပြင် လက်ရှိဗင်နီဇွဲလာသမ္မတ မာဒူရို၏ အုပ်ချုပ်မှုမှာ အဆုံးသတ်တော့မည်ဖြစ်ပြီး သူမအနေဖြင့် တိုင်းပြည်ကူးပြောင်းရေးကာလအတွက် ပြင်ဆင်မှုများပြုလုပ်ရန် လိုအပ်လာပြီဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။

ကိုးကား – Reuters