နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၇ ရက်
ဥရောပ၏ “နောက်ဆုံး အာဏာရှင်နိုင်ငံ” ဟု သတ်မှတ်ခံထားရပြီး ILO အပါအဝင် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများ ကြုံတွေ့နေရသည့် ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုသည် ယမန်နေ့ ညပိုင်းဦးက မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း နေပြည်တော် စစ်ရေးအရင်းအမြစ်ထံက သိရသည်။
စစ်ခေါင်းဆောင်၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီးအဖြစ် ဘယ်လာရုစ်သမ္မတ လာရောက်မည်ဖြစ်ဟု စစ်ကော်မရှင်က ဆိုသော်လည်း လက်ရှိရောက်ရှိနေမှုကိုမူ ထုတ်ပြန်လာခြင်း မရှိသေးသလို ယခုခရီးစဉ်သည် စစ်ကော်မရှင် အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် စစ်အာဏာသိမ်းကာလ ၂၀၂၂ ခုနှစ်၌ ကမ္ဘောဒီးယား ဝန်ကြီးချုပ်အဖြစ် ဟွန်ဆန်လာပြီးနောက် မြန်မာပြည်ကို ဒုတိယမြောက်လာလည်သော နိုင်ငံ့ခေါင်းဆောင်ဖြစ်သလို စစ်ကော်မရှင်နှင့် ဘယ်လာ ရုစ်နိုင်ငံအကြား ဆက်ဆံပူးပေါင်းမှုများ ပိုမိုနီးစပ်လာကြောင်း မြန်မာ့အရေး အကဲခတ်တစ်ဦးက ဆိုသည်။
“မြန်မာကျောင်းသားတွေ ဘယ်လာရုစ်မှာ စာသင်နေကြတယ်။ အထူးသဖြင့် သိပ္ပံနဲ့ စစ်နည်းပညာ သင်ယူကြတယ်။ ဘယ်လာရုစ်က ရုရှားနဲ့ စစ်ရေးစနစ်တူတော့ အပိုပစ္စည်း spare parts တွေ ဘယ်လာရုစ်ဆီက မြန်မာလိုချင်တယ်။ စိုက်ပျိုးရေး၊ ဆေးဝါးပညာ ပူးပေါင်းဆောင်ရွက်ချင်တယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အတူ စစ်ခေါင်းဆောင်သည် ယခုနှစ် မတ်လအတွင်းက ရုရှားနိုင်ငံမှတစ်ဆင့် ဘယ်လာရုစ်သို့ သွားရောက်ခဲ့သလို ဇွန်လ၌ ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့တွင် ပြုလုပ်သည့် စတုတ္ထအကြိမ် ဥရောပ-အာရှ စီးပွားရေးဖိုရမ် (EEF 2025)ကိုလည်း တက်ရောက်၍ MoU များ လက်မှတ်ထိုး၍ စစ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ ပူးပေါင်းလာသည်။
ယင်းအပြင် ဘယ်လာရုစ်နိုင်ငံတွင် သမ္မတလူကာရှန်ကိုနှင့် တွေ့ဆုံရာ၌လည်း ၎င်းတို့အား ဒဏ်ခတ်ချ မှတ်ထားသော နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများကို ဂရုမစိုက်ဘဲ အတူတကွ ပူးပေါင်းကျော်လွှားမည် ဖြစ်ပြီး ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU) အဖွဲ့ဝင်နိုင်ငံ ဖြစ်ချင်ကြောင်း စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောဆိုထားသည်။
အဆိုပါခရီးစဉ်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၎င်းတို့ကျင်းပမည့် ရွေးကောက် ပွဲအတုအတွက် စောင့်ကြည့်လေ့လာသူများ စေလွှတ်ပေးရန် တောင်းဆိုခဲ့သည်ကို ဘယ်လာရုစ်သမ္မတ ကလည်း လက်ခံခဲ့ပြီး စစ်ခေါင်းဆောင်၏ ရွေးကောက်ပွဲအတုကို ထောက်ခံခဲ့သည်။
စစ်ခေါင်းဆောင်၏ အဆိုပါခရီးစဉ်ပြီးနောက် မြန်မာနိုင်ငံတွင် ဘယ်လာရုစ်နိုင်ငံထုတ် လယ်ယာသုံးစက်ကိရိယာ အရောင်းပြခန်းများ ဖွင့်လှစ်နိုင်ရေး၊ ဆေးဝါးကဏ္ဍ၌လည်း ကင်ဆာရောဂါ ကုသရေးဆေးဝါးများ တင်သွင်းရေးနှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပူးပေါင်း ဆောင်ရွက်နေကြောင်း စစ်ကော်မရှင်က ဆိုသည်။
သို့သော် တစ်ဖက်တွင်မူ အာဏာသိမ်း စစ်ကော်မရှင်အတွက် သီးသန့်ဒီဇိုင်း ရေးဆွဲထားသော လေကြောင်းကာကွယ်ရေး အမိန့်ပေးစနစ်ကို ဘယ်လာရုစ်နိုင်ငံပိုင် ကုမ္ပဏီဖြစ်သည့် Belspetsvneshtechnika−BSVT က တည်ဆောက်ပေး၍ စစ်ရေးဆိုင်ရာ လေ့ကျင့်သင်ကြား ပေးနေကြောင်း Justice For Myanmar (JFM)ထံမှ သိရသည်။
ထို့အပြင် သုံးဘက်မြင် ရေဒါနည်းပညာများနှင့် မြေပြင်အခြေစိုက် ဒုံးကျည်စနစ်များ အပါအဝင် အဆင့်မြင့် စစ်ဘက်နည်းပညာများ လွှဲပြောင်းပေးထားပြီး ဘီလာရုစ်နိုင်ငံထုတ် စစ်လက်နက် ပစ္စည်းများ ဝယ်ယူရရှိနိုင်ရန်အတွက်လည်း စစ်ကော်မရှင်က စစ်ဘက်ဆက်ဆံရေးများ တိုးမြှင့် လုပ်ဆောင်နေကြောင်း သိရသည်။
ဓာတ်ပုံ-MOI