ငါးသိုင်းချောင်းတံတားပေါ်မှ ခုန်ချသွားသောလူငယ်၏ ရုပ်အလောင်းအား ၂ ရက်အကြာတွင် ပြန်လည်တွေ့ရှိ

ညိမ်းသော်/ဧရာဝတီတိုင်းမ်

(ငါးသိုင်းချောင်း)၊ စက်တင်ဘာလ ၆ ရက်

ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်တွင် စက်တင်ဘာ ၃ ရက်နေ့ ည ၁၀နာရီခွဲခန့်တွင် ငါးသိုင်းချောင်းတံတားပေါ်မှ ခုန်ချသွားသော အသက် ၂၄ နှစ်အရွယ် လူငယ်တစ်ဦး၏ ရုပ်အလောင်းကို ယမန်နေ့ စက်တင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းက ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီဖက်ကလည်း လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေနဲ့ရှာဖွေမှုပြုလုပ်နေတာပါ။ တွေ့တာက မနေ့ကမနက်ပိုင်းက။ ရုပ်ကတော့နည်းနည်းပျက်နေပြီပေါ့။ ရှာတွေ့ပြီးတာနဲ့ သူ့မိသားစုကိုခေါ်ပြီး ချက်ချင်းသတိပေး လုပ်စရာရှိတာလုပ်ပြီးတာနဲ့ မီးသဂြိုလ်ပေးတယ်။ ဒီနေ့နဲ့ဆို သူကိုရှာတွေ့တာ ၃ ရက်ဖြစ်နေပြီ ရှာတွေ့တော့လည်း သူမိသားစုအတွက်

တစ်ပူလျော့တာပေါ့။ သူ့မိသားစုအတွက်လည်း စိတ်မကောင်းပါဘူး”ဟု ငါးသိုင်းချောင်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်းကို ပြောသည်။

ငါးသိုင်းချောင်းတံ​တားပေါ်မှ ခုန်ချသေဆုံးသွားသော အသက် ၂၄ နှစ်အရွယ် မောင်သျှားသုစံမှာ ၎င်းနေထိုင်ရာ ရပ်ကွက်အတွင်းတွင်လည်း ဆက်ဆံရေးပြေပြစ်ကောင်းမွန်သူတစ်ဦးဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

၎င်းသေဆုံးရသည့်အကြောင်းအရင်းအား နယ်မြေခံရဲတပ်ဖွဲ့အနေဖြင့် စုံစမ်းစစ်ဆေးခြင်းများဆက်လက်လုပ်ဆောင်လျှက်ရှိနေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

#ငါးသိုင်းချောင်း #တံတား #ခုန်ချ #ရုပ်အလောင်း #၂ရက်အကြာ

#Ayeyarwaddy_Times