ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၅ ရက်
ကလေးသူငယ်တွေ ဘေးကင်းလုံခြုံရေး စိုးရိမ်ပူပန်မှုတွေကြောင့် ဝင်ရောက်သုံးစွဲမှုကို တင်းကျပ် မှုအဖြစ် လာမယ့်နှစ်မှာ အသက် ၁၆ နှစ်အောက် ကလေးတွေကို လူမှုကွန်ရက်အကောင့် ဖွင့်လှစ်ခွင့် ပိတ် ပင်ဖို့ စီစဉ်နေတယ်လို့ မလေးရှားနိုင်ငံက ပြောပါတယ်။
အွန်လိုင်းအသက်ကန့်သတ်ချက်များ သတ်မှတ်ခြင်းကို သြစတြေးလျနဲ့ အခြားနိုင်ငံတွေက ဘယ် လို ကိုင်တွယ်ဖြေရှင်းတာကို မလေးရှားအစိုးရက လေ့လာနေတယ်လို့ ဆက်သွယ်ရေးဝန်ကြီး ဖာမီဖာဇေး က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။
“လာမယ့်နှစ်မှာ အသက် ၁၆ နှစ်အောက်တွေရဲ့ လူမှုကွန်ရက်အကောင့် ဖွင့်လှစ်ခြင်းကို ပိတ်ပင်ဖို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို လူမှုကွန်ရက် ပလက်ဖောင်းတွေက လိုက်နာဖို့ မျှော်လင့်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။
မကြာသေးမီနှစ်တွေအတွင်း မလေးရှားနိုင်ငံဟာ မြင့်တက်လာတဲ့ ဆိုက်ဘာမှုခင်းတွေကို တိုက် ဖျက်ဖို့ လူမှုကွန်ရက်ဝန်ဆောင်မှုတွေ ကြီးကြပ်မှုကို ပိုမို တင်းကျပ်လာခဲ့ပါတယ်။
တင်းကျပ်မှုတွေထဲမှာ ဇန်နဝါရီလတွင် အာဏာတည်မယ့် စည်းမျဉ်းအသစ်တွေအရ မလေးရှား နိုင်ငံရှိ အသုံးပြုသူ ရှစ်သန်းကျော်ရှိတဲ့ ပလက်ဖောင်းတွေနဲ့ မက်ဆေ့ဂျ်ပို့စနစ် ဝန်ဆောင်မှုတွေ လိုင်စင်ရ ယူဖို့ လိုအပ်ချက်တွေ ပါဝင်ပါတယ်။
လွှတ်တော်အမတ်တွေဟာ အောက်တိုဘာလမှာ အသက် ၁၆ နှစ်အောက်တွေကို လူမှုကွန်ရက် အသုံးပြုခွင့် ပိတ်ပင်ဖို့ မလေးရှားအစိုးရရဲ့ အစီအစဉ်ကို ထောက်ခံခဲ့ပြီး အကောင့်တွေကို စာရင်းသွင်းတဲ့ အခါ အသုံးပြုသူတွေရဲ့ အသက်အရွယ်ကို စစ်ဆေးအတည်ပြုနိုင်မယ့် သင့်လျော်တဲ့ စနစ်တွေထားရှိဖို့ တောင်းဆိုခဲ့ပါတယ်။
ပြည်တွင်းမီဒီယာတွေ စက်တင်ဘာလမှာ ထုတ်ပြန်ခဲ့တဲ့ Ipsos Malaysia Education Monitor 2025 ရဲ့ စစ်တမ်းအရ မလေးရှားနိုင်ငံရှိ စစ်တမ်းဖြေဆိုသူ ၇၂ ရာခိုင်နှုန်းက ကလေးများကြား လူမှုကွန် ရက် သုံးစွဲမှုကို ကန့်သတ်သင့်ဆိုတဲ့အချက်ကို သဘောတူကြောင်း ဖော်ပြခဲ့ပါတယ်။
သြစတြေးလျမှာ ဖေ့စ်ဘွတ်ခ်၊ အင်စတာဂရမ်နှင့် တစ်တော့အပါအဝင် လူမှုကွန်ရက် ပလက် ဖောင်းတွေကို ဒီဇင်ဘာလ ၁၀ ရက်နေ့မှစပြီး အသက် ၁၆ နှစ်အောက်ရှိ အသုံးပြုသူတွေကို ဖယ်ရှားမှာ ဖြစ်ပါတယ်။
နယူးဇီလန်ဝန်ကြီးချုပ် ခရစ်စတိုဖာလက်ဆွန်က ကလေးတွေရဲ့ လူမှုကွန်ရက်သုံးစွဲမှုကို ကန့် သတ်မယ့် အလားတူ ဥပဒေကြမ်းတစ်ရပ်ကို တင်သွင်းမယ်လို့ သိရပါတယ်။
နယ်သာလန်အစိုးရကလည်း ဒီနှစ်မှာ မိဘတွေကို TikTok နဲ့ Snapchat လိုမျိုး လူမှုကွန်ရက် အက်ပ်တွေ သုံးစွဲခြင်းမှ အသက် ၁၅ နှစ်အောက် ကလေးတွေကို တားမြစ်ဖို့ အကြံပေးခဲ့ပါတယ်။
ဥရောပသမဂ္ဂနိုင်ငံတွေဖြစ်တဲ့ ဒိန်းမတ်၊ ပြင်သစ်၊ ဂရိ၊ အီတလီနဲ့ စပိန်တို့ဟာ အသုံးပြုသူတွေရဲ့ အသက်အရွယ်တွေကို စစ်ဆေးခြင်းဖြင့် ကလေးငယ်တွေကို အွန်လိုင်းမှ အန္တရာယ်ရှိသော အကြောင်းအ ရာတွေ ရယူသုံးစွဲခြင်းကို တားဆီးဖို့ ရည်ရွယ်တဲ့ အက်ပ်တစ်ခုကို စမ်းသပ်နေပါတယ်။
ကိုးကား – AFP
Ref; Malaysia mulls banning social media for under-16s from next year over safety concerns