ဧရာဝတီတိုင်းမ်
နိုဝင်ဘာ၂၃ ရက်

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်ရှိ မြို့မရဲစခန်းအနီးတွင်ရှိသော KTV တစ်ခု၌ ရဲနှင့်စစ်သားများ ဝင်ရောက် ပျော်ပါးနေစဉ် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်ခဲ့ရာ ခုနစ်ဦး သေဆုံးပြီး လက်နက် ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း နတ်စစ်သည်တပ်ဖွဲ့ ထံမှ သိရသည်။

ဇီးကုန်းမြို့မရဲစခန်းနှင့် ၂ ဖာလုံခန့်အကွာရှိ ဝက်ကော်ရွာ KTV တွင် ယမန်နေ့ နိုဝင်ဘာ၂၂ ရက်နေ့ ည ၁၁ နာရီဝန်းကျင်ခန့်က ရဲနှင့် စစ်သားများ ရောက်ရှိနေကြောင်း သိရ၍ တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့အဖွဲ့ရောက်နေတဲ့သတင်းကြားလို့ သွားကြတာ။ လာတဲ့ ၇ ယောက်လုံးသေတယ်”ဟု တော်လှန် ရေးတပ် ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါပစ်ခတ်မှုမှ G3 သေနတ် တစ်လက်၊ ကျည်ဘောက် ငါး ခု၊ ဓားမြှောင် သုံး ချောင်း၊ ကျည် ၈၀ တောင့်၊ Equipment နှစ် စုံနှင့် လက်ထိပ်တစ်စုံတို့သိမ်း ဆည်းရမိခဲ့သည်ဟု ဆိုသည်။

သေဆုံးရဲနှင့်စစ်သား ခုနစ် ဦး၏ အလောင်းများကို ဇီးကုန်းမြို့မရဲစခန်းမှ လာရောက်သယ်ဆောင် သွားကြောင်း သိရသည်။

တိုက်ခိုက်မှုကို နတ်စစ်သည်တပ်ဖွဲ့နှင့် ကြို့ပင်ကောက် BTZM GBK-PDF အဖွဲ့တို့မှ ပူးပေါင်း တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-နတ်စစ်သည်တပ်ဖွဲ့