ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၅ ရက်
ထိုင်းနိုင်ငံတွင် ဆိုက်ဘာရာဇဝတ်မှု (Cybercrime) တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် “ကျားဖြန့်” လုပ်ကိုင်သူများကို ပစ်မှတ်ထားကာ လူဝင်မှုကြီးကြပ်ရေးဌာနက နိုင်ငံအတွင်း ဝင်ရောက်လာမည့် နိုင်ငံခြားသားများအပေါ် ဗီဇာစိစစ်တင်းကျပ်မှုများ ကို ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ ဗီဇာကင်းလွတ်ခွင့် (Visa-free) များကို အခွင့်အရေးယူကာ ခရီးသွားလုပ်ငန်းကို အကြောင်းပြ၍ အကြိမ်ကြိမ် ဝင်ထွက်သွားလာနေသည့် နိုင်ငံခြားသားများကို ယခုအခါ ပိုမိုတင်းကျပ်စွာ စစ်ဆေးသွားမည် ဖြစ်သည်။
ခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်းသို့ ဗီဇာကင်းလွတ်ခွင့်ဖြင့် နှစ်ကြိမ်အထက် ဝင်ရောက်လာသူဖြစ်ပါက တင်းကျပ်သည့် စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

လေဆိပ်များနှင့် နယ်စပ်များရှိ လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေးဂိတ်များသည် နှစ်ကြိမ်ထက်ပို၍ ဝင်ရောက်လာသည့် ခရီးသွားများကို ပြည်ဝင်ခွင့်ပေးတော့မည်မဟုတ်ဘဲ ထပ်မံဝင်ရောက်လိုပါက သက်ဆိုင်ရာ ထိုင်းသံရုံးတွင် ဗီဇာများကို ဖြေဆိုလျှောက်ထားကာ လာရောက်ရမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ တင်းကျပ်မှုများ ကြောင့် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံသို့ မကြာခဏ လာရောက် ရသည့် မြန်မာနိုင်ငံသားများအတွက် ယခင်ကထက် ပိုမိုခက်ခဲသွားမည် ဖြစ်သည့်အပြင် ထိုင်းနိုင်ငံတွင်း နေထိုင်နိုင်ရန် အလည်ဗီဇာအသုံးပြု၍ မကြာခဏ ဝင်ထွက်သွားလာခြင်းများလည်း ပြုလုပ်နိုင်တော့မည် မဟုတ်ကြောင်း ဗီဇာလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသူများ၏ ပြောဆိုချက်အရ သိရသည်။
ထိုင်းနိုင်ငံ၏ ဗီဇာကင်းလွတ်ခွင့်မူဝါဒကို အသုံးချကာ ကျားဖြန့်လုပ်ကိုင်သူများ၊ ငွေကြေးခဝါချသူများ၊ မူးယစ်ဆေးဝါးလုပ်ကိုင်သူများ နှင့် တရားမဝင်စီးပွားရေးလုပ်ကိုင်သူများ မှာ အလည်အပတ်ဗီဇာဖြင့် နိုင်ငံတွင်း အကြိမ်ကြိမ် ဝင်ရောက်မှုများ ပြုလုပ်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ ပြောဆိုထားသည်။
ပြီးခဲ့သည့် ကျားဖြန့်နှိမ်နင်းရေး လုပ်ငန်းစဉ်များတွင် ထိုင်း-မြန်မာနယ်စပ် ကျားဖြန့်လုပ်ငန်းခွင်များမှ နှင်ထုတ်ခံခဲ့ရသူများ နှင့် လုပ်ကိုင်ခဲ့သူများကိုမူ ထိုင်းသို့ ပြန်လည်ဝင်ရောက်ခွင့်ကို တစ်သက်တာ ပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်းလည်း သိရသည်။
ယခု ၂၀၂၅ ခုနှစ် အစောပိုင်းမှစ၍ ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိများသည် ဗီဇာအလွဲသုံးစား ပြုကြောင်း သံသယရှိသူပေါင်း ၂၉၀၀ ခန့်ကို ထိုင်းနိုင်ငံသို့ ဝင်ခွင့်ငြင်းပယ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ကိုးကာ-Bangkok Post
#ထိုင်း #ကျားဖြန့် #ဗီဇာတင်းကျပ် #Ayeyarwaddy_Times