
ထွေအုပ်ရုံးတံခါးတွေအမြဲပိတ်ထားဖို့၊ နေ့စဉ်မိုင်းရှာဖို့နဲ့ အစည်းအဝေးခန်းထဲဖုန်းယူမလာဖို့ ဧရာ၀တီတိုင်းစစ်ကောင်စီ လျှို့၀ှက်ညွှန်ကြား
ဧရာ၀တီတိုင်းမ်
စက်တင်ဘာလ ၅ ရက်
ဧရာ၀တီတိုင်းအတွင်း မြို့နယ်တွေက စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးရုံးတွေ အနေနဲ့ ရုံးအဝင်၊ အထွက် တံခါးတွေအမြဲပိတ်ထားဖို့ အခုစက်တင်ဘာလဆန်းပိုင်းကနေစလို့ ဧရာ၀တီတိုင်း စစ်ကောင်စီကဌာနအတွင်းလျှို့၀ှက်ပြီး ညွှန်ကြားထားတယ်လို့ ပုသိမ်မြို့တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ရုံးချိန်အတွင်းအပါအဝင် ရုံးတံခါးတွေကိုအချိန်ပြည့်ပိတ်ထားရမှာဖြစ်ပြီး လိုအပ်ပါကနေ့စဉ်မိုင်းရှာဖို့နဲ့ အိတ်အမဲ တွေယူဆောင်တာတွေမပြုလုပ်ဖို့လည်း ညွှန်ကြားတယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဌာနအတွင်း အစည်းအဝေးလုပ်ရင်လည်း အစည်းအဝေးခန်းမအဝင်တံခါးကို အမြဲတမ်း ပိတ် ထား ရမှာ ဖြစ်ပြီး အစည်းအဝေးဝင်ရောက်တဲ့စစ်ကောင်စီဝန်ထမ်းတွေအနေနဲ့ ဖုန်းတွေအစည်းအဝေးခန်းထဲ မယူဖို့လည်း ညွှန်ကြားတယ်လို ထွေအုပ်ရုံးနဲ့နီးစပ်သူတဦးကပြောပါတယ်။
“ ထွေအုပ်ရုံးတွေ အဝင်အထွက်တံခါးအမြဲပိတ်ထားဖို့၊ အိတ်အမဲတွေမယူဖို့နဲ့ သတိထားဖို့၊ လိုအပ်ရင် မိုင်းရှာရမယ်တဲ့၊ ဝင်အပစ်ခံရမှာကြောက်လို့နေမယ်။ နောက်ပြီး အစည်းအဝေးလုပ်ရင်လည်း အစည်းအဝေး ခန်းမတံခါးကိုအမြဲတမ်းပိတ်ထားဖို့၊ အစည်းအဝေးခန်းထဲဖုန်းမယူခိုင်းဘူး။ အစည်းအဝေးမှာပြောတဲ့ ညွှန် ကြားတဲ့ဟာတွေ
မှတ်တမ်းယူပြီးအပြင်ကိုပြန်ပေါက်မှကြောင့်လို့သိရတယ်” လို့ တိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေးရုံးနဲ့နီးစပ်တဲ့ ပုသိမ်မြို့ခံတဦးက ဧရာ၀တီတိုင်းမ်ကိုပြောပါတယ်။
ဧရာ၀တီတိုင်းအတွင်းက စစ်ကောင်စီရဲ့အထွေထွေအုပ်ချုပ်ရေးရုံးတွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ စစ်အုပ်စု လက်အောက်ခံရဲတွေက လုံခြုံရေးယူပေးနေတာဖြစ်ပြီး တခြားစစ်အုပ်စုလက်အောက်ခံဌာနတွေမှာတော့ အစောင့်လုံခြုံရေးမရှိဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။
ဧရာ၀တီတိုင်းအတွင်းမှာ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ မကြာခဏ ဖောက်ခွဲခံနေရတာ ဖြစ် ပြီး စစ်ကောင်စီကဌာနတွင်းမှာဖရဲသီးတွေရှိနေတယ်လို့ယူဆချက်တွေနဲ့ အခုလိုမျိုးညွှန်ကြားချက်တွေထုတ်နေတာလို့ ဧရာ၀တီတိုင်းအတွင်းက CDM ရဲဝန်ထမ်းတွေကသုံးသပ်ပြောဆိုပါတယ်။
#AyeyarwaddyTimes