ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၈ ရက်
ဧရာဝတီတိုင်းအတွင်းရှိ လေးမျက်နှာမြို့နယ်အတွင်းတွင် စစ်ကော်မရှင်နှင့် အာရက္ခတပ်တော် (AA) အပါအဝင်တော်လှန်ရေး ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကော်မရှင်က စစ်ကူများ ဆက်တိုက်ပို့နေရကြောင်း သိရသည်။
စစ်ကော်မရှင်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်နေ့ကလည်း လေးမျက်နှာနှင့်ရေကြည်အစပ်ကို ဟင်္သာတဘက်မှနေ၍ အမိုးအုပ်စစ်သုံးကားကြီးများဖြင့် စစ်ကူများပို့ဆောင်ခဲ့ကြောင်း သိရသည်။
လေးမျက်နှာအစပ်ရှိ ကျေးရွာများတွင် တိုက်ပွဲများဆက်တိုက်ဖြစ်နေပြီး စစ်ကော်မရှင်ဘက်က အစုလိုက် အပြုံလိုက်သေဆုံးမှုများရှိကြောင်း ဒေသခံသတင်းရင်းမြစ်ထံမှ သိရသည်။

”အခု နိုဝင်ဘာ အစရက်မှာကို စစ်တပ်ဘက်က အစုလိုက်အပြုံလိုက်သေတယ်။ နှစ်ဖက် အထိအခိုက်ရှိ ပေမယ့် စစ်တပ်ဘက်က သေချက်က တရားလွန်ပဲ။ လမ်းကြောင်းပြောင်းပြီး စစ်ကူပို့နေတာတွေလည်း သိပါတယ်။ သေရင်သေ၊ မသေရင်ပြေးပဲ” ဟု လေးမျက်နှာမှတော်လှန်ရေးနှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကော်မရှင်က ဒရုန်းဗုံးကြဲချတိုက်ခိုက်မှုအပြင် လေကြောင်းတိုက်ခိုက်မှုများကိုပါ ပြုလုပ်နေပြီး စစ်မှုထမ်းသင်တန်းသားသစ်များကို လေးမျက်နှာ တိုက်ပွဲသို့ ဆက်တိုက်စေလွှတ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ဒုတိယပတ်အတွင်းကလည်း စစ်သုံးကားကြီး အစီး ၂၀ဖြင့် လေးမျက်နှာကို စစ်ကူအင်အားပို့ထားရပြီး ယခု ရက်ပိုင်းအတွင်း စစ်ကူများ ထပ်မံပို့လာရခြင်း ဖြစ်သည်။
တိုက်ပွဲအတွင်း သေဆုံးထိခိုက်ဒဏ်ရာရသူများကို ပုသိမ်သို့ပြန်လည်သယ်ဆောင်လာပြီး သေဆုံးသူ များကို ရွှေမြင်တင်မီးသင်္ဂြိုဟ်စက်သို့ပို့ဆောင်၍ ဒဏ်ရာရများကို ပုသိမ် စစ်မြေပြင်ဆေးတပ်ရင်း မဆရ -၄ ကိုပို့ဆောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
လေးမျက်နှာရှိ စက်စက်ယိုရွာဝန်းကျင်ကို AAနှင့်ပူးပေါင်းတပ်များကသိမ်းပိုက်ထားပြီး စစ်ကူတက် လာသည့်တပ်များနှင့် ဝိုင်းပတ်ပိတ်ဆို့ရန်လာသည့် တပ်များကို ကြားဖြတ်တိုက်ခိုက်သည့်အတွက် စစ်ကော်မရှင်ဘက်က အထိနာလျက်ရှိကြောင်း သိရသည်။
ယခုနောက်ပိုင်းတွင် စစ်ကော်မရှင်က စစ်ကူလမ်းကြောင်းကိုပြောင်းလိုက်ပြီး ဟင်္သာတ၊ ကွင်းကောက် ဘက်မှနေ၍ ဘဲ့ပြားကုန်း၊ စာစီကုန်းတို့ကို ဖြတ်ကာ လေးမျက်နှာကို စစ်ကူပို့နေကြောင်း သိရသည်။
ပုံစာ-စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ (ပုံဟောင်း)