
လေပိုင်နက်ချိုးဖောက်မှုကြောင့် စစ်ကောင်စီခန့် မြန်မာသံအမတ်ကို ဘင်္ဂလားဒေ့ရှ်က နှစ်ပတ်အတွင်း သုံးကြိမ်မြောက် ဆင့်ခေါ်ကန့်ကွက်
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၅ ရက်
နယ်စပ်ဒေသတင်းမာမှု၊ ဘင်္ဂလားဒေ့ရှ်လေပိုင်နက် ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ က စစ်ကောင်စီခန့် မြန်မာသံအမတ်ကို သီတင်းနှစ်ပတ်အတွင်း တတိယအကြိမ်အဖြစ် မနေ့က ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့စနေနေ့က ဘင်္ဂလားဒေ့ရှ် ပိုင်နက်အတွင်း မြန်မာတပ်ဖွဲ့တွေပစ်ခတ်တဲ့ လက်နက်ကြီးကျည်နှစ် လုံး ကျရောက်ခဲ့တာကြောင့် မြန်မာသံအမတ် အောင်ကျော်မိုးကို ဒါကာမြို့တော်က နိုင်ငံတော်ဧည့်ဂေဟာကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။
“ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်း မကြာသေးမီက မြန်မာဘက်မှ လက်နက်ကြီးကျည် ကျရောက်ခဲ့တာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ မြန်မာသံအမတ်ကို ဆင့်ခေါ်ခဲ့ပါတယ်။ နယ်စပ်ဒေသတစ်လျောက် လေပိုင်နက်ချိုး ဖောက်မှု၊ လက်နက်ကြီးပစ်ခတ်မှုကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ မိုင်နယ်ကဘားက
ပြောပါတယ်။
သြဂုတ်လ ၂၈ ရက်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ မြောက်ပိုင်း ဘန်ဒါဘန်ခရိုင်အတွင်း လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ခဲ့တာကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာစစ်ကောင်စီသံအမတ်ကို ကန့်ကွက် ဖို့ ဆင့်ခေါ်ခဲ့ရပါသေးတယ်။
ဒီဖြစ်ရပ်တွေဖြစ်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက နယ်စပ်ဒေသတစ်လျောက် စောင့်ကြည့်ရေးနဲ့ ဘေး အန္တရာယ်ကင်းရေး အစီအမံတွေ တိုးချဲ့လုပ်ဆောင်ဖို့ နယ်ခြားစောင့်တပ်ဖွဲ့တွေကို ညွှန်ကြားခဲ့ပါတယ်။ နယ်စပ် ဒေသတွေ ပြည်သူတွေကိုလည်း နိုးနိုးကြားကြားနေထိုင်ဖို့ သတိပေးခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်နဲ့ ရခိုင့်တပ်တော် (အေအေ) ကြား မကြာသေးမီက တိုက်ပွဲတွေ ပြင်းထန်ခဲ့တာ ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာလည်း တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။
မြန်မာစစ်တပ်ရဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ ရက်စက်ကြမ်းကြုတ်တဲ့ ဖြိုခွင်းမှုကြောင့် ရခိုင်ပြည်နယ်မှ ထွက် ပြေးလာခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၂ သန်းကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ယက်။(ပုံဟောင်း)
ကိုးကား – Anadolu
Ref; Bangladesh protests repeated airspace violations by Myanmar