ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးမှသာ မြန်မာနိုင်ငံသို့ နောက်တစ်ကြိမ် လာမယ်လို့ ကုလ အထူးကိုယ်စားလှယ် နိုလန်းဟေဇာ ပြော

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၅ ရက်

စစ်တပ်က အာဏာသိမ်းပြီးချိန်ကတည်းက ထိန်းသိမ်းခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ အလွန် စိုးရိမ်မိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စား လှယ် နိုလန်းဟေဇာက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရရင် မြန်မာနိုင်ငံသို့ နောက်တစ်ကြိမ် သွားရောက်မှာမဟုတ်ဖူးလို့ နိုလန်းဟေဇာက ဒီနေ့ စင်ကာပူရှိ ISEAS Yusof Ishak Institute မှာ ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်လို့ ကျွန်မ အလွန်စိုးရိမ်ပြီး အလုပ်ကြမ်းနဲ့ထောင် ဒဏ် ချမှတ်တာကို ရှုတ်ချပါတယ်” လို့ ၄င်းက ဆိုပါတယ်။

သြဂုတ်လအတွင်း အာဏာသိမ်း အကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့တွေ့ဆုံချိန်မှာ အသက် ၇၆ နှစ်အရွယ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပြန်ထားဖို့ တောင်းဆိုခဲ့တယ်လို့ သူ က ပြောပါတယ်။

“နောက်ဆုံးကျရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရနိုင်တယ်လို့ မင်းအောင်လှိုင်က ကျွန်မကို ပြော ခဲ့ပါတယ်” လို့ နိုလန်းဟေဇာက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရပြီးနောက်ပိုင်း ပြီးခဲ့တဲ့လက နေပြည်တော်သို့ ပထမဆုံးအကြိမ် သွားရောက်တဲ့ခရီးစဉ်အတွင်း နိုလန်းဟေဇာက မင်းအောင်လှိုင်နဲ့ တိုက်ရိုက် ဆွေးနွေးခဲ့ပါ တယ်။

ခရီးစဉ်မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးရေး အပါအဝင် တောင်းဆိုမှုခြောက်ခု ပြုလုပ်ခဲ့ တယ်လို့ ၄င်းက ဆိုပါတယ်။

“အာဏာသိမ်းစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံရတာ လွယ်ကူတဲ့လုပ်ငန်းစဉ်တစ်ခု မ ဟုတ်ခဲ့ပါဘူး” လို့ သူက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ထိတွေ့ဆက်ဆံမှု အပါအဝင် သူ့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်တဲ့ သံတမန်ရေးရာစာသုံးစောင်ကို စစ်ကောင်စီက ကုလသမဂ္ဂထံ ပေးပို့ခဲ့တယ်လို့ နိုလန်းဟေဇာက ပြောပါတယ်။

ကိုးကား – Aljazeera

Ref; UN Myanmar envoy ‘very concerned’ about Aung San Suu Kyi’s health