ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂ ရက်
စစ်ကော်မရှင်က မြို့နယ်ပေါင်း ၆၃ မြို့နယ်ကိုဇူလိုင်လကုန်မှ စတင်ကာ စစ်အုပ်ချုပ်ရေး ကြေညာ ခဲ့သည့် စစ်ကော်မရှင်က ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်နေ့မှစတင်ကာ ထပ်မံ၍ အရေးပေါ် အခြေအနေအဖြစ် ရက်ပေါင်း ၉၀ သက်တမ်းတိုးကြောင်း ကြေညာခဲ့သည်။
ယာယီသမ္မအဖြစ်တာဝန်ယူထားသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အရေးပေါ်အခြေအနေ ဆက်လက် ရှိကြောင်း ကြေညာခဲ့သည့် မြို့နယ် ၆၃ မြို့နယ်တွက် စစ်အုပ်ချုပ်ရေးအမိန့်ကို ဆက်လက်ထုတ်ပြန်ခဲ့ပြီး လုပ်ပိုင်ခွင့်များကို ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်ထံ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
စစ်ကော်မရှင်က စစ်အုပ်ချုပ်ရေးကြေညာထားသည့်မြို့နယ်များမှာ ကချင်မှ ၅ မြို့နယ်၊ ကရင်နီမှ ၃ မြို့နယ်၊ ကရင်မှ ၂ မြို့နယ်၊ ချင်းမှ ၇ မြို့နယ်၊ စစ်ကိုင်းမှ ၉ မြို့နယ်၊ မကွေးမှ ၅ မြို့နယ်၊ မန္တလေးမှ ၃ မြို့နယ်၊ ရခိုင်မှ ၁၄ မြို့နယ်၊ ရှမ်းမှ ၁၅ မြို့နယ်တို့ အသီးသီးဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် စစ်ကော်မရှင်သည် ဇူလိုင် ၃၁ ရက်နေ့မှ စတင်ကာ စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် မြို့နယ် ၆၃ မြို့နယ်အနက် ၅၆ မြို့နယ်တွင် စစ်ရေးအခြေအနေပြင်းထန်မှုများကြောင့် ရွေးကောက်ပွဲမကျင်းပ နိုင်တော့ ကြောင်းလည်း ထပ်မံကြေညာခဲ့သည်။
စစ်ကော်မရှင်က စစ်အုပ်ချုပ်ရေးကြေညာထားသော်လည်း အဆိုပါမြို့နယ်အများစုမှာ သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့များ၏ထိန်းချုပ်မှုအောက်တွင် ရှိနေသည့်မြို့နယ်များဖြစ်ကြောင်းလည်း သိရသည်။
ကရင်နီပြည်နယ်အတွင်းတွင် စစ်အုပ်ချုပ်ရေး သုံး မြို့ကြေညာထားသော်လည်း ဖားဆောင်းမြို့နယ် တစ်ခု၌သာ စစ်တပ်စခန်းတစ်ခုကျန်ရှိနေသည်။ ရှားတောနှင့် မယ်စဲ့မြို့နယ်များမှာ တော်လှန်ရေး တပ်ဖွဲ့များက ၁၀၀ ရာခိုင်နှုန်းထိန်းချုပ်ထားနိုင်ပြီး စစ်ကော်မရှင်ကင်းစင်သည့် နယ်မြေဖြစ်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး-၂ ဗညားခွန်အောင် ၏ ပြောကြားချက်အရသိရသည်။