 
                ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃၀ ရက်
အာဏာသိမ်း စစ်ကော်မရှင်ကကျင်းပမည့် တရားမဝင်ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တာသည်ဟုဆိုကာ ဒါရိုက်တာမိုက်တီးအပါအဝင် အနုပညာရှင် သုံး ဦးကို ဖမ်းဆီးခဲ့ကြောင်း အောက်တိုဘာ ၂၉ ရက်နေ့တွင် စစ်ကော်မရှင်ကထုတ်ပြန်ခဲ့သည်။
စစ်ကော်မရှင်၏ ဝါဒဖြန့်ဇာတ်လမ်းတိုတစ်ပုဒ်ဖြစ်သည့် “ခေတ်သမိုင်းကိုဒုန်းစိုင်းမည့်သူများ” ဟူသည့် ရွေးကောက်ပွဲဝါဒဖြန်ဇာတ်လမ်းကို လူမှုကွန်ယက်တွင် မဟုတ်မမှန်ဝေဖန်သည်ဟုဆိုကာ ဒါရိုက်တာမိုက်တီး(ခ)သန်းထွန်းဇော်၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်(ခ)ကျော်မင်းထွဋ်၊ ဟာသသရုပ်ဆောင် အုန်းဒိုင်း(ခ)ဇော်မြင့်တို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အဆိုပါအနုပညာရှင်များမှာ စစ်အာဏာသိမ်းမှုကိုတော်လှန်သည့် ဆန္ဒပြပွဲများတွင်ပါဝင်ခြင်း၊ စစ်တပ်ထောက်ခံသည့် အနုပညာရှင်များဝေဖန်ခြင်း၊ ရွေးကောက်ပွဲကို ဆန့်ကျင်ခြင်းတို့ ပြုလုပ်နေကြောင်းလည်း စစ်ကော်မရှင်ကပြောဆိုခဲ့သည်။
ဒါရိုက်တာမိုက်တီး(ခ)သန်းထွန်းဇော်သည် စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်တွင်လည်း နိုင်ငံတော်အကြည်အညိုပျက်စေမှုဖြင့် ပုဒ်မ-၅၀၅(က) ဖြင့် ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၂ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့သူဖြစ်ကာ ယခုထပ်မံဖမ်းဆီးခံခဲ့ရခြင်းလည်း ဖြစ်သည်။

စစ်ကော်မရှင်သည် တရားမဝင်ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် နည်းလမ်းမျိုးစုံကိုအသုံးပြုကာကြိုးစားနေပြီး ရွေးကောက်ပွဲကိုနှောင့်ယှက်ဟန့်တားနိုင်မည့် အခြေအနေမှကာကွယ်ရန်ဟုဆိုကာ ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်နေ့မှစတင်ကာ ရွေးကောက်ပွဲ ကာကွယ်ပေးရေးဥပဒေကိုပြဌာန်းခဲ့ပြီး ၎င်းတို့ကိုဆန့်ကျင်သည့် ပြည်သူများကိုဖမ်းဆီးနေခြင်းလည်း ဖြစ်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
 
                                             
                                             
                                            