
ရေးမြို့နယ်အတွင်းသင်တန်းဆင်းအပြန်ဖမ်းခံရတဲ့စစ်ကောင်စီတပ်သားတွေဟာ ရေးအခြေစိုက် ခလရ ၆၁ နဲ့ ခမရ ၃၄၃ တပ်မှဖြစ်
ဧရာဝတီတိုင်းမ်
(ရေး)၊ စက်တင်ဘာလ ၄ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ် အတွင်း စက်တင်ဘာလ ၃ ရက်နေ့က ဖမ်းဆီးခံလိုက်ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးဟာ ရေးမြို့အခြေစိုက် ခလရ ၆၁ နဲ့ ခမရ ၃၄၃ တပ်ရင်းက စစ်ကောင်စီတပ်သားတွေလို့ ဒေသခံတွေဆီက သိရပါတယ်။
ခမရ ၃၄၃ မှ တပ်ထောက်ဒုအရာခံဗိုလ်(RQ) လှတင်အပါအဝင် ခမရ ၄၃၄ နဲ့ ခလရ ၆၁ က စစ်ကောင်စီတပ်သား ၈ ဦးဖြစ်ပြီး သံဖြူဇရပ်မြို့နယ် ဝဲကလိရွာအခြေစိုက် စစ်ကောင်စီတပ်ရဲ့ အမှတ် ၄ တန်းမြှင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တတက ၄) ကနေ သင်တန်း ဆင်းပြန်လာတဲ့သူတွေဖြစ်ပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်သားတွေဖမ်းဆီးခံထားရလို့
ခမရ ၃၄၃ တပ်က ရေးမြို့နယ်အတွင်းစစ်ကြောင်းထိုးရှာဖွေနေပြီး တပ်အနီးဝန်းကျင်ကကျေးရွာတွေကို ခြိမ်းခြောက်တာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်သားတွေကို ဒေသတွင်းတော်လှန် ရေးတပ်ဖွဲ့တွေက ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပြီး ဘယ်အဖွဲ့ကဖမ်းဆီးထားတယ်ဆိုတာတော့ ထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။
ရေးအခြေစိုက် ခလရ ၆၁ နဲ့ ခမရ ၃၄၃ တပ်တွေဟာ အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၁၉) ရဲ့ လက်အောက်ခံတိုက်ခိုက်ရေး တပ်ရင်းတွေဖြစ်တယ်လို့ စစ်ကောင်စီတပ်အသိုင်းအဝိုင်းဆီကသိရပါတယ်။
#AyeyarwaddyTimes