နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၇ ရက်
စစ်ကော်မရှင်သည် အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို ပူးပေါင်းဆောင်ရွက်သည်ဟု တုံ့ပြန် ပြောဆိုသော်လည်း လက်တွေ့တွင် လိုက်နာမှုမရှိသဖြင့် စစ်ခေါင်းဆောင်များအား အာဆီယံထိပ်သီး အစည်းအဝေးများ တက်ရောက်ခွင့်ကို ဆက်လက်ပိတ်ပင်ရန် ဆုံးဖြတ်ခဲ့ကြောင်း လက်ရှိ အစည်းအဝေး ထုတ်ပြန်ချက်အရ သိရသည်။
မလေးရှားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး တွင် မြန်မာ့အရေးနှင့် ပတ်သက်၍ ထိုသို့ ဆုံးဖြတ်ခဲ့ပြီး အချက် ၂၈ ချက်ပါသည့် ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။ ထို့ပြင် အာဆီယံသည် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကိုလည်း လက်မခံဘဲ လွတ်လပ်မှု၊ မျှတမှု၊ တည်ငြိမ်မှုရှိကာ အားလုံးပါဝင်နိုင်ရမည် ဟု ဖော်ပြထားသည်။
အဆိုပါ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို တက်ရောက်ခွင့်ရသော စစ်ကော်မရှင် ၏ နိုင်ငံခြားရေး အမြဲတမ်းအတွင်းဝန်ကမူ ၎င်းတို့အနေဖြင့် မြေပြင်အခြေအနေများ အပေါ် မူတည်၍ အာဆီယံဘုံသဘောတူညီချက် ငါးချက်အား အကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း တုံ့ပြန်ပြောဆိုသည်။
သို့သော် အာဆီယံအစည်းအဝေး ဆွေးနွေးမှုများအရ စစ်ကော်မရှင်သည် အာဆီယံ ဘုံသဘော တူညီချက် ငါးချက်ကို အကောင်အထည်ဖော်ရာ၌ တိုးတက်မှု မရှိသဖြင့် ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင် စစ်ခေါင်းဆောင်များ တက်ရောက်ခွင့်အား ဆက်လက်ပိတ်ပင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော စစ်ကော်မရှင်က ၂၀၂၁ အာဏာသိမ်းခဲ့ မှုကြောင့် မြန်မာ့အရေး အကျပ်အတည်းကို ဖြေရှင်းရန် ရည်ရွယ်သည့် ဘုံသဘောတူညီချက် ငါးချက်အား အာဆီယံက ဆုံးဖြတ်ချမှတ်ထားပြီး လိုက်နာခြင်းမရှိ၍ ပိတ်ပင်ထားခြင်းဖြစ်ကာ စစ်ကော်မရှင် ကလည်း တက်ရောက်ခွင့်ရရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သောအဖွဲ့သည် ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်က နေပြည်တော်သို့ လာရောက်စဉ် စစ်ကော်မရှင်မှ ရွေးကောက်ပွဲနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးရန် တောင်းဆိုခဲ့ပြီး ယင်းတွေ့ဆုံမှုကိုလည်း ၎င်းတို့အလိုကျ ဝါဒဖြန့်ခဲ့သည်။
စစ်ကော်မရှင်က မကြာမီ ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် အာဆီယံနိုင်ငံများနှင့် နိုင်ငံတကာမှ လေ့လာသူများ လာရောက်လေ့လာရန် ဖိတ်ခေါ်သည်ဟု ဆိုထားသည်။ သို့သော်လည်း အာဆီယံ၏ ဆုံးဖြတ်ချက်များထဲတွင် စစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ လေ့လာ စောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ပေးရန် ဖိတ်ကြားချက်အား မှတ်သားထားသည် ဟုသာ ဖော်ပြပါရှိပြီး အွန်လိုင်းလိမ်လည်မှု၊ နေရပ်စွန့်ခွာမှု၊ လူကုန်ကူးမှု စသည်တို့ကို ပူးပေါင်းသွားမည်ဟု ဆိုထားသည်။
ထို့အပြင် ရွေးကောက်ပွဲမတိုင်ခင် အကြမ်းဖက်မှုများကို ရပ်စဲ၍ အားလုံးပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်ရန်၊ အကြမ်းဖက်မှုများ လျှော့ချရန်၊ အရပ်သားများနှင့် အရပ်ဘက် အဆောက် အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ရပ်တန့်ရန် စသည်တို့ကို အာဆီယံ ခေါင်းဆောင် များက သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-အာဆီယံ