ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၈ ရက်

 

နှစ်ပေါင်း ၂၆၀ ကျော်က မိခင်မြေနှင့် ကွဲကွာခဲ့ရသော မျိုးဆက်ခုနစ်ဆက်မြောက် အယုဒ္ဓယသား များသည် သုံ့ပန်းအဖြစ် ခေါ်ဆောင်ခံခဲ့ရသည့် နေရာမှ မိခင်မြေသို့ သမိုင်းမှတ်တိုင် ခရီးစဉ်အဖြစ် ပြန်ရောက်ခဲ့ကြသည်။

 

လွန်ခဲ့သော နှစ်ပေါင်း ၂၆၀ ကျော်က ဖြစ်ပွားခဲ့သည့် ကုန်းဘောင်မင်းဆက် ဆင်ဖြူရှင် လက်ထက်တွင် မြန်မာတို့က အယုဒ္ဓယ (ထိုင်းနိုင်ငံ) သို့ ကျူးကျော်သိမ်းပိုက်၍ နိုင်ငံသားအချို့ကို သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။ ထိုသို့ခေါ်ဆောင်ခြင်း ခံခဲ့ရသည့် ထိုင်းလူမျိုးများ၏ ခုနစ်ဆက်မြောက် မျိုးဆက်ဟု ယူဆရသော မြန်မာနိုင်ငံသားများသည် ယနေ့ အောက် တိုဘာ ၁၈ ရက်နေ့က ဘိုးဘွားတို့၏ ဇာတိမြေ ထိုင်းနိုင်ငံ အယုဒ္ဓယသို့ ပြန်လည်ရောက်ရှိလာသည်။

 

ယခုသမိုင်းဝင်ခရီးစဉ်သို့ လာရောက်ခဲ့သည့် အယုဒ္ဓယမျိုးဆက်များမှာ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် တွင် တည်ရှိသော သုခ(ဆူးကား) ရွာတွင် နေထိုင်နေသူများဖြစ်သည်။ ၎င်းတို့ကို သမိုင်းပညာရှင် ပဏ္ဏပတ်ခမ်နူးအင်းက ဦးဆောင်ကာ “သုခရွာသားများ နေရပ်ပြန်ခြင်း” အစီအစဉ်ဖြင့် အယုဒ္ဓယသို့ ခေါ်ဆောင်လာခြင်းဖြစ်သည်။

အယုဒ္ဓယသို့ လိုက်ပါလာသူများမှာ အသက် ၈၃ နှစ် အရွယ်ရှိ အယုဒ္ဓယမျိုးရိုး၏ နောက်ဆုံးမျိုးဆက်ဟု ယူဆရသော အဘွားဒေါ်တင်ထွေး၊ ဆရာတော် ဦးမင်္ဂလ ၊ အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းနှင့် အဘွားဒေါ်တင်ညွန့်တို့ အဖွဲ့ဝင်များ ပါဝင်သည်။

 

ဆူးကားရွာသားများသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၆၀ ကျော်က ကွဲကွာခဲ့သော ဘိုးဘွားတို့၏ ဇာတိမြေ အယုဒ္ဓယမြေကို ပထမဆုံးအကြိမ် ခြေချမိချိန်၌ ဝမ်းသာပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုတို့ကြောင့် မျက်ရည်များပင် စီးကျခဲ့ကြသည်။

 

ထို့နောက် စိတ်လှုပ်ရှားနေသော အဘွားဒေါ်တင်ထွေးတို့အဖွဲ့သည် ပထမဦးစွာ မြို့စောင့်နတ်ကွန်းသို့ သွားရောက်၍ ပူဇော်မှုများ ပြုလုပ်ခဲ့ပြီး ဝပ်ဖရာရမ် (Wat Phra Ram) အပါအဝင် သမိုင်းဝင်ဥယျာဉ်အတွင်းရှိ ရှေးဟောင်းအဆောက်အအုံများကို ဆက်လက်သွားရောက်ခဲ့ကြသည်။

အဘွားဒေါ်တင်ထွေးက ယခုလို ရောက်ရှိလာရသည့်အတွက် အလွန်ပျော်ရွှင်မိကြောင်းနှင့် သူမ၏ ဘိုးဘွားများ အသက်ရှင်စဉ်ကပင် ၎င်းတို့သည် အယုဒ္ဓယမျိုးရိုးများဖြစ်ကြောင်းကို မကြာခဏ ပြောပြခဲ့ဖူးသည်ဟု အဘွားက ပြန်ပြောင်းပြောပြခဲ့သည်။

 

အဘွားဒေါ်တင်ထွေးတို့သည် မြန်မာနိုင်ငံတွင် တွေ့ရလေ့မရှိသော၊ အယုဒ္ဓယဘိုးဘွားများမှ ဆင်းသက် လာသည့် နှစ်သစ်ကူး သင်္ကြန်ကာလတွင် သဲပုံစေတီတည်သည့် ဓလေ့ ကို ထိန်းသိမ်းထားကြောင်းလည်း ဖော်ထုတ်ပြောဆိုခဲ့သည်။

 

အဘွားဒေါ်တင်ထွေးက မှတ်မိနေသည့် ထိုင်းစကားလုံးအချို့ဖြစ်သော ခနုမ် (မုန့်ပဲသရေစာ)၊ ကလွေး (ငှက်ပျောသီး)၊ ဒီး (ကောင်း)၊ နမ်အွိုင် (ကြံရည်) စသည့် စကားလုံးများကို မှားယွင်းမှုအနည်းငယ်ဖြင့် ပြန်လည်ပြောပြခဲ့သည်။

 

သမိုင်းပညာရှင် ပဏ္ဏပတ်ခမ်နူးအင်းကမူ ဤခရီးစဉ်သည် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ကြောင်းရှင်းပြခဲ့ပြီး “ဒီမျိုးဆက်ဟာ သူတို့ရဲ့ ဘိုးဘွားတွေဆီကနေ ဇာတ်လမ်းတွေကို တိုက်ရိုက်ကြားသိရတဲ့ နောက်ဆုံးမျိုးဆက်လို့ ဆိုနိုင်ပါတယ်” ဟုဆိုသည်။

 

အဘွားဒေါ်တင်ထွေးတို့ မျိုးရိုးသည် အခြားမျိုးနွယ်စုများနှင့် လက်ထပ်ထိမ်းမြှားခြင်းများ ရှိနိုင်သော် လည်း အဘွားသည် စစ်မှန်သည့် အယုဒ္ဓယမျိုးရိုးအမွေအနှစ်ကို ထိန်းသိမ်းရန် ရွာ၏စည်းကမ်းကို လိုက်နာခဲ့ပြီး အိမ်ထောင်မပြုဘဲ တစ်ကိုယ် တည်း နေထိုင်ခဲ့သည် ဟုလည်း သိရသည်။

 

“ဒီခေတ်မှာတော့ လူငယ်တွေရဲ့ သိရှိမှုဟာလည်း မှေးမှိန်လာပြီး သူတို့အားလုံးဟာ ဗမာတွေ ဖြစ်လာ ကြပါပြီ။ ကျွန်တော်ကတော့ ဒီဇာတ်လမ်းတွေကို စိတ်ဝင်စားတဲ့အတွက် အဘွားတို့အဖွဲ့ကို ဖိတ်ခေါ် ခဲ့တာဖြစ်တယ်။ သူတို့ဘိုးဘွားဘီဘင်တွေရဲ့ မြေဟာ ဘယ်လိုလဲဆိုတာကို ခံစားစေချင်လို့ပါ။ ဒီအဖွဲ့ဟာ သူတို့ရွာကနေ ၁၀ ကီလိုမီတာတောင် မဝေးတဲ့ အနီးအနားမြို့ကိုသွားဖို့ အခွင့်အရေးက ရှားပါးပါတယ်။ ဒီအလည်အပတ်ဟာ သူတို့အတွက် အိပ်မက်ထက်ပိုပါတယ်” ဟု သမိုင်းပညာရှင် ပဏ္ဏပတ်ခမ်နူးအင်းက ဆက်လက်ပြောဆိုခဲ့သည်။

 

ဓာတ်ပုံ-Ayutthaya Revised
ကိုးကား – Khaosod English