နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ် ၂ ရက်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်း၏အာဏာ တည်မြဲရေးအတွက် ပါဝင်ကြိုးပမ်း ပေးကြသည့် လက်အောက်ခံဝန်ကြီးများ၊ ရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင်များ၊ ဝါဒဖြန့် အနုပညာရှင်များနှင့် စစ်လော်ဘီ စုစုပေါင်း ၃၀၈ ဦးကို ယနေ့ မတ် ၂ ရက်တွင် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဆုတံဆိပ်များ ပေးအပ်ခဲ့သည်။

စစ်ခေါင်းဆောင်က ၎င်းခန့်အပ်ထားသည့် ကာ/လုံရုံး၏ အမှုဆောင်ချုပ် လူယုံတော် ဦးအောင်လင်း ဒွေးနှင့် တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ အပါအဝင် ဝန်ကြီး ၁၁ ဦးကို သရေစည်သူဘွဲ့၊ UEC ဥက္ကဋ္ဌ အပါအဝင် ဝန်ကြီး ၁၀ ဦးကို စည်သူဘွဲ့ ပေးအပ်ခဲ့သည်။

ယင်းအပြင် ဝန်ကြီးနှစ်ဦးနှင့် UEC အဖွဲ့ဝင်များ၊ အင်ဂျင်နီယာကောင်စီ အဖွဲ့ဝင်တို့ကို သီရိပျံချီဘွဲ့၊ ဒုဗိုလ်ချုပ်ကြီးအပါအဝင် ဗိုလ်ချုပ် ၅ ဦးအား ဇေယျကျော်ထင်ဘွဲ့၊ ဒုဝန်ကြီးများအပါအဝင် ၁၆ ဦးကို ဝဏ္ဏကျော်ထင်ဘွဲ့၊ သရုပ်ဆောင် ခန့်စည်သူအပါအဝင် ၃ ဦးအား အလင်္ကာကျော်စွာဘွဲ့ ပေးအပ်ခဲ့ ကြောင်း သိရသည်။

သရုပ်ဆောင် ခန့်စည်သူသည် စစ်ခေါင်းဆောင်ဇနီး ဒေါ်ကြူကြူလှ၏ အချစ်တော်တစ်ဦးလည်း ဖြစ်သကဲ့သို့ အာဏာသိမ်းပြီးနောက် စစ်အုပ်စုထောက်ခံ ကြိုဆိုပွဲများတွင် လိုက်ပါအား‌ပေးလေ့ရှိသော အမာခံတစ်ဦးဖြစ်ကြောင်း ၎င်းနှင့် နီးစပ်လျက်ရှိသည့် အနုပညာအသိုင်းအဝိုင်းထံမှ သိရသည်။

ထို့ပြင် တော်လှန်ရေးအင်အားစုများကို ပုံဖျက်ဝါဒဖြန့်ထားသည့် “ခေတ်သမိုင်းကို ဒုန်စိုင်းမည့်သူများ” နှင့် “တိမ်ပင်လယ်ခရီးကြမ်း” ဇာတ်လမ်းများတွင် ပါဝင်ခဲ့ကြသည့် သရုပ်ဆောင် နေဝင်း၊ အေးချမ်းမောင်၊ မေမြင့်မိုရ်၊ ခြူးလေး၊ ခင်လှိုင်၊ မြင့်မြတ်၊ ရဲအောင် တို့အပြင် အဆိုတော် နီနီခင်ဇော်၊ L ဆိုင်းဇီ၊ ထူးအယ်လင်း၊ မေသက်ထားဆွေ စသည့် အနုပညာရှင်အမြောက်အမြားကို လူမှုထူးချွန်နှင့် အနုပညာထူးချွန်တံဆိပ်များဖြင့် ဆုချခဲ့သည်။

စစ်ကော်မရှင်အတွက် အွန်လိုင်းမှတစ်ဆင့် ဝါဒဖြန့်ပေးနေပြီး ငွေကြေးထောက်ပံ့မှုများ ရရှိနေသည့် မိုးဟိန်း၊ အွန်လိုင်းဝဏ္ဏ (Trend ဂျာနယ်)၊ နောင်တော်လေး (MNP)၊ ကျော်စိုးဦး (People Media)၊ သဇင်ဦး နှင့် အောင်မင်း (Hard Talk) စသည့် စစ်လော်ဘီများကိုလည်း လူမှုထူးချွန်တံဆိပ်များ အသီးသီး ပေးအပ်ခဲ့သည်။

အဆိုပါ ဘွဲ့ရအနုပညာရှင်များနှင့် စစ်လော်ဘီများသည် စစ်ကော်မရှင်၏ သတ်ဖြတ်မှုများကြောင့် ပြည်သူများ သေကျေပျက်စီးနေချိန်တွင် စစ်အုပ်စုအတွက် ဝါဒဖြန့်လုပ်ငန်းများကို အကောင်အထည် ဖော်ပေးနေသူများဖြစ်သဖြင့် ပြည်သူလူထု၏ ပြင်းပြင်းထန်ထန် ဝေဖန်ကျဉ်ဖယ်ခြင်း (Social Punishment) ကို ခံနေရသူများလည်း ဖြစ်သည်။

ဓာတ်ပုံ – MOI