ဧရာဝတီတိုင်းမ်
မတ် ၂ ရက်

 

အရှေ့အလယ်ပိုင်းနှင့် ပင်လယ်ကွေ့ဒေသအတွင်း အီရန်နိုင်ငံနှင့် ဆက်စပ်သည့် စစ်ရေးတင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ကူဝိတ်နိုင်ငံအတွင်းနေထိုင်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများ အားလုံး အရေးပေါ်ဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များကို အထူးသတိပြုလိုက်နာ ကြရန် စစ်ကော်မရှင်လက်အောက်ခံ ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်အသိပေးထားသည်။

 

ကူဝိတ်လေပိုင်နက်အတွင်းသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဒုံးကျည်များ ကျူးကျော်ဝင်ရောက်လာမှုကို ကူဝိတ်တပ်မတော်က ကြားဖြတ်ဟန့်တားပစ်ချခဲ့ရသည်။ လက်ရှိတွင် ကူဝိတ်လေဆိပ် ဗုံးထိမှန်ကာ ပိတ်ထားရကြောင်းနှင့် အမေရိကန်တိုက်လေယာဉ်တစ်စင်း ပစ်ချခံရ ကြောင်း နိုင်ငံတကာသတင်းအချို့တွင် ဖော်ပြနေမှုများကြောင့် ယခုကဲ့သို့ သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

“အီရန်ကနေ လှမ်းပစ်တဲ့ ဒုံးကျည်သံတွေ ကြားရတယ်။ အခုတော့ လုပ်ငန်းပုံမှန် လည်ပတ်နေတာ ရှိပေမဲ့ အစ္စရေးဘက်က စစ်မီးက အခု ဒူဘိုင်းနဲ့ ကူဝိတ်ဘက်အထိ အသံတွေ ကြားနေရတော့ အကုန်လုံး စိုးရိမ်နေကြတယ်။ ဒူဘိုင်းလေဆိပ်လည်း ပိတ်ထားရတာရှိတယ်” ဟု ဒူဘိုင်းရှိ မြန်မာလုပ်သား တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

သံရုံး၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသားများအနေဖြင့် ဒေသတွင်းအခြေအနေများကို မျက်ခြေ မပြတ် စောင့်ကြည့်ပြီး အရေးပေါ်သတိပေးအသံများ ထွက်ပေါ်လာပါက အသင့်ပြင်ထားကြရန် တိုက်တွန်းထားသည်။

 

အဆိုပါအရေးပေါ်သတိပေးအသံများနှင့် ပတ်သက်၍ သံရုံးက အမျိုးအစား သုံးမျိုးခွဲခြားကာ ရှင်းလင်းထုတ်ပြန်ထားရာ “အသံတို/ပြတ်သည် အန္တရာယ်နီးကပ်လာခြင်းကို ဆိုလိုပြီး၊ အသံလှိုင်းပုံစံ အနိမ့်အမြင့်အသံမှာ အန္တရာယ်ကျရောက်နေခြင်းကို သတိပေးခြင်းဖြစ်ကာ၊ အသံရှည်ဆက်တိုက် ထွက်ပေါ်လာပါက အန္တရာယ်ပြီးဆုံးသွားပြီဖြစ်ကြောင်း” ဖော်ပြထားသည်။

 

ထို့ကြောင့် အဆိုပါအသံများ ကြားရပါက နီးစပ်ရာ အဆောက်အအုံအတွင်း အကာအကွယ်ရယူရန် သို့မဟုတ် မြေပြင်တွင် ဝပ်၍ ထိခိုက်မှုမရှိအောင် နေထိုင်ရန်နှင့် အရေးကြီးစာရွက်စာတမ်းများ၊ အစားအစာ၊ ဆေးဝါးနှင့် ဖုန်း/Power Bank တို့ကို အဆင်သင့်စုစည်းထားရန် ညွှန်ကြားထားသည်။

 

အရှေ့အလယ်ပိုင်းဒေသတခွင်တွင် စစ်ရေးအခြေအနေ တင်းမာနေသော်လည်း အခြားသော အာရပ်နိုင်ငံများရှိ စစ်ကော်မရှင်လက်အောက်ခံ မြန်မာသံရုံးများဘက်ကမူ မြန်မာနိုင်ငံသားများ၏ လုံခြုံရေးနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။

 

ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – ကူဝိတ်နိုင်ငံတကာလေဆိပ် ဗုံးထိမှန်မှုနှင့် စစ်ရေးတင်းမာနေသည့် မြင်ကွင်းအချို့။