ဧရာဝတီတိုင်းမ်
မတ် ၂ ရက်
အရှေ့အလယ်ပိုင်းတွင် အီရန်စစ်ပွဲ ရိုက်ခတ်မှုများကြောင့် ထိုင်းနိုင်ငံက ပြည်ပသို့ လောင်စာဆီ တင်ပို့မှုကို ရပ်ဆိုင်းလိုက်သဖြင့် ထိုင်းစက်သုံးဆီကို မှီခိုနေရသည့် မြန်မာနယ်စပ် ဒေသများတွင် ဆီဈေးနှုန်းများ အဆမတန်မြင့်တက်ကာ ဝယ်ယူရန် ခက်ခဲလာကြောင်း သိရသည်။
ထိုင်းနိုင်ငံသည် အီရန်စစ်ပွဲကြောင့် ပြည်တွင်းစက်သုံးဆီဖူလုံရေးအတွက် အိမ်နီးချင်းနိုင်ငံများသို့ လောင်စာဆီတင်ပို့မှုကို ကန့်သတ်လိုက်ရာ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီနှင့် တာချီလိတ်မြို့များတွင် စက်သုံးဆီရှားပါးမှုနှင့်အတူ တန်းစီဝယ်ယူနေရသည့် အခြေအနေသို့ ရောက်နေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
“ဆီဈေးက တက်ရုံတင်မကဘူး၊ ဝယ်ဖို့ပါ ခက်ခဲလာတော့ သွားရေးလာရေးကအစ အကုန်အဆင် မပြေတော့ဘူး။ နောက်ရက်တွေဆို ဆီလုံးဝပြတ်သွားမလား စိုးရိမ်နေရတယ်” ဟု တာချီလိတ်ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုင်းနိုင်ငံသည် ၎င်းတို့၏ စက်သုံးဆီအရန်စုဆောင်းမှုတွင် လီတာသန်း ၇,၇၀၀ ကျော်ရှိပြီး ပြည်တွင်းသုံးစွဲမှု ၆၁ ရက်စာအတွက် ပြင်ဆင်ထားသော်လည်း မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံ များသို့ တင်ပို့မှုကိုမူ စတင်ကန့်သတ်လိုက်ပြီဖြစ်သည်။
လက်ရှိတွင် ရန်ကုန်မြို့အပါအဝင် မြို့ကြီးအချို့တွင် စစ်ကော်မရှင်က သတ်မှတ်ထားသည့် ဈေးနှုန်းဖြင့် စက်သုံးဆီ ဝယ်ယူရရှိနေသော်လည်း စင်ကာပူနိုင်ငံမှ အဓိကတင်သွင်းနေသည့် ပို့ဆောင်ရေး လမ်းကြောင်းများ ပိတ်ဆို့ပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆီပြတ်လပ်မှုနှင့် ကြုံတွေ့ရနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်သည်။
စစ်ပွဲကာလ ရှည်ကြာလာသည်နှင့်အမျှ နယ်စပ်ဒေသစက်သုံးဆီဈေးနှုန်းများမှာ ပိုမိုမြင့်တက်လာနိုင်ပြီး ကုန်စည်စီးဆင်းမှုအပေါ် ထိခိုက်မှုများ ပိုမိုကြီးမားလာနိုင်သော်လည်း စစ်ကော်မရှင်ဘက်ကမူ ယင်းရိုက်ခတ်မှုများအတွက် ကြိုတင်ပြင်ဆင်ထားခြင်း သို့မဟုတ် ထုတ်ပြန်အသိပေးခြင်းမျိုး မရှိသေးပေ။
“ဒီနေ့တော့ ပုံမှန်ဝယ်လို့ရသေးပေမဲ့ စစ်ပွဲက ပိုပြင်းထန်လာရင် ဆီပြတ်မလား၊ ဈေးဘယ်လောက်ထိ တက်သွားမလဲဆိုတာ မခန့်မှန်းနိုင်ဘူး” ဟု ရန်ကုန်မြို့မှ အငှားယာဉ်မောင်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
မြန်မာနိုင်ငံသည် စက်သုံးဆီကို စင်ကာပူနိုင်ငံမှ အဓိကတင်သွင်းနေခြင်းဖြစ်ရာ အရှေ့အလယ်ပိုင်း စစ်ရေးတင်းမာမှုကြောင့် ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေး အခက်အခဲဖြစ်ပေါ်ပါက ပြည်တွင်း၌ စက်သုံးဆီအကျပ်အတည်းမှာ ပိုမိုဆိုးရွားလာနိုင်ဖွယ်ရှိသည်။
ဓာတ်ပုံ-Aung Kyaw WIn Sein (လူမှုကွန်ရက်)
ပုံစာ-တာချီလိတ်မြို့ရှိ စက်သုံးဆီများအရောင်းဆိုင်တစ်ဆိုင်တွင် စက်သုံးဆီဝယ်ယူနေသည်ကို ယနေနံနက်ပိုင်းက တွေ့ရစဉ်။