
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၈ ရက်
ဖိလစ်ပိုင်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း ဖန်ရှန် ( FENGSHEN) အရှိန်ကြောင့် တိုင်းနှင့် ပြည်နယ်တို့တွင် လာမည့် ၁ ရက်အတွင်း မိုးဆက်လက်ထစ်ချုန်းရွာမည်ဖြစ်ကြောင်း ယနေ့ အောက်တိုဘာ ၁၈ ရက်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ထုတ်ပြန်သည်။
အဆိုပါအပူပိုင်းမုန်တိုင်းဖန်ရှန်သည် မြောက် – အနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး ဖိလစ်ပိုင်နိုင်ငံ၊ လူဇုန်ကျွန်းသို့ဆက်လက်ဖြတ်ကျော်နိုင်ကြောင်းခန့်မှန်းထားသည်။
လာမည့် အောက်တိုဘာ ၁၉ ရက်နေ့တွင် နေပြည်တော်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်ဖြစ်ပြီး တနင်္သာရီတိုင်းတွင်မူ လာမည့် ၂ ရက်အတွင်း မိုးပိုလာနိုင်ကြောင်း မိုး/ဇလ ထံမှ သိရသည်။
ထို့ပြင် မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ် ( အရှေ့ပိုင်း) တို့တွင် နေရာကျဲကျဲနှင့် ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီတိုင်း၊ ကရင်နီ( ကယား) ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္ဿာရီတိုင်းတို့တွင်မူ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာမည် ဖြစ်ကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။
မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၆ ပေခန့်ရှိနိုင်ကြောင်း သိရသည်။
ဓာတ်ပုံ – မိုး/ဇလ၊ ဧရာဝတီတိုင်းမ်